ဆွစ်ဇာလန်အသင်းရဲ့ကမ္ဘာ့ဖလားလေ့ကျင့်ရေးကွင်း

ဆွစ်ဇာလန်အသင်းရဲ့ကမ္ဘာ့ဖလားလေ့ကျင့်ရေးကွင်း

09 Jun, 2026
ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် San Diego မှာ အခြေစိုက်ပြီး ပြင်ဆင်နေတဲ့ ဆွစ်ဇာလန်အသင်းဟာ သူတို့ရဲ့ လေ့ကျင့်ရေးကွင်း ဧရိယာနဲ့ ပတ်သက်ပြီး အပိုင်းအမျိုးမျိုး ခွဲခြားပြကာ တရားဝင်အကောင့်ကနေ တင်ခဲ့ပါတယ်။

ဒီပုံထဲမှာ ထူးခြားမှုကတော့ Snake Area လို့ ဖော်ပြထားတဲ့ နေရာပါဝင်ခဲ့ပြီး လေ့ကျင့်ကွင်းနဲ့ နီးကပ်တဲ့ နေရာနားမှာ တည်ရှိနေတာကို မြင်တွေ့ရမှာပါ။ အဆိုပါနေရာကို သတိထားဖို့အတွက် အနီ၊အနက်တွေနဲ့ ခြယ်မှုန်းပြီး သတိပေးထားခဲ့ပါတယ်။

ပုံမှာမြင်တွေ့ရပုံအရ မြွေတွေရှိတဲ့ ဧရိယာနဲ့ တော်တော်လေးကို နီးကပ်နေတာဖြစ်ပြီး အန္တရာယ်ရှိနိုင်တဲ့ အနေအထားမျိုးပါပဲ။ San Diego သဘာ၀သမိုင်းပြတိုက်ရဲ့ အဆိုအရ အဲဒီဒေသမှာ အဆိပ်ရှိမြွေမျိုးစိတ် ၄ မျိုးရှိပြီး မြို့မှာ အများဆုံးမြင်တွေ့ရတာက Crotalus helleri လို့ခေါ်တဲ့ အဆိပ်ရှိမြွေဖြစ်ပါတယ်။

ဆွစ်ဇာလန်လိုပဲ ဒီ မြွေအန္တရာယ်ကို သတိထားနေရတဲ့ နောက်ထပ်အသင်းက နော်ဝေပါ။ မြောက်ကယ်ရိုလိုင်းနားက ဂရင်းဘိုရိုမှာ အခြေချတဲ့ နော်ဝေကလည်း အဆိုပါမြို့မှာ တွေ့ရှိရတဲ့ ကြေးနီခေါင်းမြွေတွေကို သတိထားနေရပါတယ်။ ဘာမှမနှောင့်ယှက်ဘဲ ဒီအတိုင်း လွှတ်ထားရင် ဘေးကင်းပါလိမ့်မယ်လို့ မြို့တော်ရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

နော်ဝေကွင်းလယ်လူ Kristian Thorstvedt ကတော့ “ဒါကိုကြားရတာ အဆင်မပြေဘူး” လို့ ညည်းတွားခဲ့ပါတယ်။ စိုထိုင်းဆများတဲ့ အပူချိန်ကို ရင်ဆိုင်ရတဲ့အပြင် မြွေတွေကိုပါ သတိထားနေရတာမို့ ဒီအသင်းတွေ အခက်တွေ့နေရပါတယ်။