၂၀၂၆ ဖီဖာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စောင့်ကြည့်ရမယ့် ကစားသမားများ

၂၀၂၆ ဖီဖာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စောင့်ကြည့်ရမယ့် ကစားသမားများ

09 Jun, 2026
၂၃ ကြိမ်မြောက် ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို ဇွန်လ ၁၁ ရက်နေ့ မက္ကဆီကိုစီးတီးရှိ နာမည်ကျော် အက်ဇ်တီကာကွင်းကြီးမှာ ကျင်းပမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲမှာ ပထမဆုံးအကြိမ်အဖြစ် ၄၈ သင်း ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပြီး ပွဲစဉ်ပေါင်း ၁၀၄ ပွဲ ကစားမှာပါ။ နာမည်ကြီးကစားသမားကြီးတွေနဲ့အတူ စိတ်လှုပ်ရှားဖွယ် လူငယ်ခြေတက် ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ ပြင်သစ်နဲ့ စပိန်အသင်းတို့က ရေပန်းအစားဆုံးအသင်းတွေအဖြစ် သတ်မှတ်ခံထားရပါတယ်။ ဒီနှစ်ပြိုင်ပွဲမှာ စောင့်ကြည့်ရမယ့် ကစားသမား ၇ ဦးကို ဖော်ပြပေးလိုက်ပါတယ်။

နီကို ပါ့ဇ်
အာဂျင်တီးနား

ရီးရဲလ်မက်ဒရစ် အကယ်ဒမီရဲ့ တက်သစ်စကြယ်ပွင့်တဦးဖြစ်ပြီး အသက် ၂၁ နှစ်အရွယ် ကွင်းလယ်တိုက်စစ်ကစားသမား နီကို ပါ့ဇ်ဟာ ဖာဘရီဂတ်စ်ရဲ့ လက်အောက် ကိုမိုအသင်းမှာ ကစားရင်း နာမည်တလုံး တည်ဆောက်ထားနိုင်သူ ဖြစ်ပါတယ်။ နည်းစနစ်ပိုင်း ကျွမ်းကျင်မှုကြောင့် လူသိများတဲ့ ပါ့ဇ်က စပိန်မှာ မွေးဖွားကြီးပြင်းခဲ့ပေမဲ့ အာဂျင်တီးနားအတွက် ကစားဖို့ ရွေးချယ်ခဲ့သူပါ။ ပြီးခဲ့တဲ့ရာသီ စီးရီးအေမှာ ၁၂ ဂိုးသွင်း၊ ၆ ဂိုး ဖန်တီးပေးထားပါတယ်။ အာဂျင်တီးနားအသင်းအနေနဲ့ ပြိုင်ပွဲတလျှောက်လုံးမှာ အသက် ၃၉ နှစ်ရှိပြီဖြစ်တဲ့ မက်ဆီရဲ့ ကြံ့ခိုင်မှုကို ထိန်းသိမ်းဖို့အတွက် အနားရမယ့်အချိန်မျိုးမှာ မက်ဆီနေရာကို အစားထိုးဖို့ ပက်ဇ်ကို တာဝန်ပေးရနိုင်ပါတယ်။

မိုက်ကယ် အိုလစ်ဆေး
ပြင်သစ်

ဘိုင်ယန်မြူးနစ်အသင်းရဲ့ မိုက်ကယ် အိုလစ်ဆေးကတော့ ဂျာမန်ဘွန်ဒက်စ်လီဂါမှာ ၁၅ ဂိုးသွင်း၊ ၁၉ ဂိုးအထိ ဖန်တီးပြီး စိတ်လှုပ်ရှားဖွယ် ဒုတိယမြောက် ရာသီတခုကို ဖြတ်သန်းခဲ့ပါတယ်။ ဒါ့အပြင် ကစားဟန် ကျော့ရှင်းလှပတဲ့ ဘယ်တောင်ပံကစားသမားဟာ ၂၀၂၅/၂၆ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ဂိုးဖန်တီးမှု ၈ ကြိမ်နဲ့ အများဆုံးပြုလုပ်နိုင်ခဲ့သူပါ။ အိုလစ်ဆေးဟာ ပြင်သစ်စီနီယာအသင်းအတွက် အဓိကပြိုင်ပွဲကြီးတွေမှာ ပါဝင်ကစားဖူးခြင်း မရှိသေးပေမဲ့ ကီလီယန် အမ်ဘာပေ၊ အူစမန် ဒမ်ဘီလီတို့နဲ့အတူ ပြင်သစ်ရဲ့ ကြောက်မက်ဖွယ် တိုက်စစ်တန်းမှာ ပါဝင်လာဖို့ ရှိနေပါတယ်။

လာမင်း ယာမယ်လ်
စပိန်

လူငယ်ကြယ်ပွင့် လာမင်း ယာမယ်လ်ဟာ ပြီးခဲ့တဲ့ရာသီ လိဂ်ပွဲ ၂၈ ပွဲမှာ ၁၆ ဂိုးသွင်း၊ ၁၂ ဂိုး ဖန်တီးခဲ့လို့ လာလီဂါတနှစ်တာအကောင်းဆုံး ကစားသမားဆုကို ရထားပါတယ်။ အသက် ၁၈ နှစ်အရွယ် ကစားသမားလေးဟာ စပိန်အသင်းရဲ့ ယူရို ၂၀၂၄ ချန်ပီယံအောင်ပွဲမှာ အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့ပြီး ယာမယ်လ်ကိုယ်တိုင်ကလည်း ကမ္ဘာ့ဖလားဆုဖလားကြီးကို ကိုင်မြှောက်ရဖို့ “အကြိမ်ပေါင်း ထောင်ချီ” အိမ်မက်မက်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။ လက်ရှိမှာ ပေါင်ခြံဒဏ်ရာကနေ ပြန်သက်သာလာပြီး ဇွန် ၁၅ ရက်နေ့ ကိတ်ဗာဒီနဲ့ ကစားမယ့် အုပ်စုအဖွင့်ပွဲမှာ ပွဲထွက်နိုင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။

ယန် ဒီယိုမန်ဒေ
အိုင်ဗရီကို့စ်

လိုက်ပ်ဇစ် တောင်ပံကစားသမား ဒီယိုမန်ဒေဟာ ဂျာမနီမှာ ကစားခဲ့တဲ့ ပထမဆုံးရာသီမှာတင် ၁၂ ဂိုးသွင်း၊ ၈ ဂိုး ဖန်တီးပေးနိုင်ခဲ့လို့ ဘွန်ဒက်စ်လီဂါ တနှစ်တာ အကောင်းဆုံး လူငယ်ကစားသမားဆု (Rookie of the Year) ကို ရရှိထားပါတယ်။ သူ့ရဲ့ အိုင်ဗရီကို့စ်အသင်းဟာ ၁၂ နှစ်ကြာ ဝေးကွာနေခဲ့ပြီးမှ ကမ္ဘာ့ဖလားပြိုင်ပွဲဆီ ပြန်ရောက်ရှိလာတာဖြစ်ပြီး ပြိုင်ပွဲမှာ အသက်အငယ်ဆုံး လူစာရင်းနဲ့ ၂၀၂၆ ပြိုင်ပွဲကို လာပြိုင်တာလည်း ဖြစ်ပါတယ်။

အာလင်း ဟာလန်း
နော်ဝေ

မန်ချက်စတာစီးတီးကြယ်ပွင့် ဟာလန်းက ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာတင် ၁၆ ဂိုးအထိ သွင်းပေးခဲ့ပြီး၊ နော်ဝေအသင်းကို ၂၈ နှစ်အကြာမှ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးဆီ ပထမဆုံးအကြိမ် ခေါ်ဆောင်လာနိုင်ခဲ့ပါတယ်။ နိုင်ငံအသင်းအတွက် ဟာလန်းရဲ့ ဂိုးသွင်းမှတ်တမ်းက ၄၉ ပွဲမှာ ၅၅ ဂိုးအထိ ရှိလို့ တပွဲကို တဂိုးနှုန်းထက် ပိုမိုများနေတာပါ။ အာဆင်နယ်ကပ္ပတိန် မာတင် အိုဒီဂတ်ကလည်း တွဲဖက်ကစားပေးမှာမို့လို့၊ အရပ်အမောင်းမြင့်မားတဲ့ တိုက်စစ်မှူးဟာ ပြိုင်ပွဲရဲ့ ရေပန်းအစားဆုံး ဖြစ်တဲ့ ပြင်သစ်တို့ ပါဝင်နေတဲ့ အုပ်စုကျပ်ကနေ ကျော်ဖြတ်နိုင်ဖို့ မျှော်လင့်နေမှာ သေချာပါတယ်။

လီယွန်နယ် မက်ဆီ
အာဂျင်တီးနား

ဘလွန်းဒီအော ၈ ဆုရှင်ကြီး မက်ဆီကတော့ ၂၀၀၆ ခုနှစ်ကစလို့ ၂၀ နှစ်အကြာမှာ ကမ္ဘာ့ဖလားကို ၆ ကြိမ်မြောက်အဖြစ် စံချိန်တင် ပါဝင်ကစားတော့မှာ ဖြစ်ပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလား ဖိုင်နယ်ပွဲစဉ်တွေအတွင်းမှာ အသက် ၃၉ နှစ် ပြည့်တော့မယ့် အင်တာမိုင်ယာမီကြယ်ပွင့်ဟာ ဒီနှစ် မေဂျာလိဂ် (MLS) ပြိုင်ပွဲမှာလည်း ၁၃ ဂိုး သွင်းပြီး အကောင်းဆုံးပုံစံမှာရှိနေပါတယ်။ မက်ဆီအနေနဲ့ ၂၀၂၂ ခုနှစ် ကာတာမှာ အာဂျင်တီးနားအသင်းကို သုံးကြိမ်မြောက် ကမ္ဘာ့ဖလားချန်ပီယံဖြစ်အောင် လုပ်ဆောင်ပေးခဲ့ပြီးနောက် အခုတခါ ဖလားကာကွယ်ဖို့ အသင်းကို ထပ်မံဦးဆောင်လာပြန်တာ ဖြစ်ပါတယ်။

ခရစ္စတီယာနို ရော်နယ်ဒို
ပေါ်တူဂီ

ရော်နယ်ဒိုဟာ နိုင်ငံတကာသွင်းဂိုး ၁၄၃ ဂိုးနဲ့အတူ သမိုင်းတလျှောက် ဂိုးအများဆုံး သွင်းယူထားသူအဖြစ် သူ့ရဲ့ နောက်ဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲဆီ ဦးတည်လာနေပါတယ်။ အသက် ၄၁ နှစ်အရွယ် တိုက်စစ်မှူးဟာ မက်ဆီလိုပဲ ၆ ကြိမ်မြောက်အဖြစ် စံချိန်တင် ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပြီး အရည် အသွေးပြည့်ဝတဲ့ ပေါ်တူဂီအသင်းကို ပထမဆုံးအကြိမ် ချန်ပီယံဖြစ်အောင် လုပ်ပေးဖို့ ရည်မှန်းထားပါတယ်။ ရော်နယ်ဒို ပထမဆုံးအကြိမ် ပါဝင်ခဲ့တဲ့ ၂၀၀၆ ကမ္ဘာ့ဖလားမှာ ပေါ်တူဂီအသင်း စတုတ္ထနေရာ ရဖူးပေမဲ့လည်း အဲဒီနောက်ပိုင်း ဒီကြယ်ပွင့်တိုက်စစ်မှူး အသင်းမှာ ရှိနေတဲ့ ကာလတလျှောက်လုံး ဖလားရနိုင်လောက်တဲ့အထိ ခြိမ်းခြောက် ပြနိုင်ခဲ့တာမျိုး တော်တော်လေး ရှားခဲ့ပါတယ် ရော်နယ်ဒိုအနေနဲ့ ကမ္ဘာ့ဖလားနဲ့ ယူရိုပြိုင်ပွဲတွေရဲ့ နောက်ဆုံး ၉ ပွဲမှာ ဂိုးပေါက်ပျောက်ဆုံးနေခဲ့တာလည်းဖြစ်ပါတယ်။