**အမေရိကန် ပြည်ဝင်ခွင့် ငြင်းပယ်ခံရသဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပထမဆုံးအကြိမ် ဒိုင်လူကြီးအဖြစ် တာဝန်ထမ်းဆောင်ခွင့်ရမည့် ဆိုမာလီဒိုင်လူကြီး အိုမာ အာတန် ၏ အိပ်မက် ပျက်ပြားခဲ့ရ**

**အမေရိကန် ပြည်ဝင်ခွင့် ငြင်းပယ်ခံရသဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပထမဆုံးအကြိမ် ဒိုင်လူကြီးအဖြစ် တာဝန်ထမ်းဆောင်ခွင့်ရမည့် ဆိုမာလီဒိုင်လူကြီး အိုမာ အာတန် ၏ အိပ်မက် ပျက်ပြားခဲ့ရ**

10 Jun, 2026
ဆိုမာလီနိုင်ငံသား ဒိုင်လူကြီးတစ်ဦးဖြစ်သူ အိုမာ အာတန် (Omar Artan) သည် အမေရိကန်ပြည်ထောင်စုသို့ ပြည်ဝင်ခွင့် အငြင်းပယ်ခံခဲ့ရသည်။ ၎င်းသည် ဆိုမာလီနိုင်ငံသမိုင်းတွင် ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ပထမဆုံးအကြိမ် ဒိုင်လူကြီးအဖြစ် သွားရောက်တာဝန်ထမ်းဆောင်ရန် ရွေးချယ်ခံထားရသူလည်း ဖြစ်သည်။
အမေရိကန် လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များဘက်က အာတန်ကို နေရပ်ပြန်လွှတ်ရသည့် ခိုင်လုံသော အကြောင်းပြချက်တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိသော်လည်း၊ ဆိုမာလီနိုင်ငံသည် သမ္မတ ဒေါ်နယ်ထရမ့် အုပ်ချုပ်ရေးအဖွဲ့၏ ခရီးသွားလာခွင့် ပိတ်ပင်ထားသော နိုင်ငံများစာရင်း (Travel Ban List) တွင် ပါဝင်နေကြောင်း New York Times သတင်းဌာနက ဖော်ပြထားသည်။
> "ကျွန်တော်က ကမ္ဘာ့ဖလားပြိုင်ပွဲကို သွားပြီး ဒိုင်လူကြီးလုပ်ချင်တဲ့ ကျွန်တော့်ရဲ့ အကြီးမားဆုံး အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေတဲ့ ဒိုင်လူကြီးတစ်ယောက်မျှသာ ဖြစ်ပါတယ်။ အခုလိုဖြစ်သွားတဲ့အတွက် တကယ်ကို စိတ်ပျက်မိပါတယ်။ ကျွန်တော့်မှာ လိုအပ်တဲ့ စာရွက်စာတမ်း အပြည့်အစုံနဲ့ တရားဝင် ဗီဇာလည်း ရှိပါတယ်။ သူတို့အနေနဲ့ ကျွန်တော့်ရဲ့ နိုင်ငံအပေါ် အမြင်မကြည်လင်မှု ပြဿနာရှိနေတယ်လို့ပဲ ကျွန်တော် ထင်ပါတယ်" ဟု အာတန်က ဖုန်းဖြင့်ဖြေကြားသည့် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။
>
သတင်းများ၏ အဆိုအရ ၎င်းသည် အမေရိကန်သို့ ရောက်ရှိချိန်တွင် ပြည်ဝင်ခွင့်မပြုမီ (၁၁) နာရီကြာမျှ စစ်ဆေးမေးမြန်းခြင်း ခံခဲ့ရပြီးနောက်၊ ထိန်းသိမ်းရေးစခန်းတွင် နာရီပေါင်းများစွာ ထပ်မံထိန်းသိမ်းခံခဲ့ရကာ တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့သို့ ပြန်လည်ထွက်ခွာမည့် လေယာဉ်ဖြင့် နေရပ်သို့ ပြန်လည်မောင်းထုတ်ခြင်း ခံခဲ့ရကြောင်း သိရသည်။