ကျွန်ုပ်သည်၁၉၃၆ခုနှစ်က သရက်စီရင်စုတွင်ဒုတိယတောအုပ်အဖြစ် လုပ်ကိုင်ခဲ့ဖူးရာ သစ်တောဘက်ဆိုင်ရာ အရာရှိများအတွက် နှစ်စဉ် နိုဝင်ဘာလဆိုလျှင်သစ်တောပန်ထောက်များ၊ တောအုပ်ကြီးများမှာ သင်းသတ်ရန်(ခုတ်လှဲရန်သင့်သော ကျွန်းပင်များကိုသတ်ရန်)အသီးသီးတာဝန်ကျရာ အကွက်များသို့ ကွင်းဆင်းကြရလေသည်။ကျွန်ုပ်တို့အဖွဲ့တွင် သစ်တောဝန်ထောက်ကြီးဦးဘဧဆိုသူ ဦးစီးခေါင်းဆောင်၍ နယ်စီးတောအုပ်ကြီး
တစ်ယောက်၊ ကျွန်ုပ်အပါအဝင် ဒုတိယ တောအုပ်နှစ်ယောက်၊ တောခေါင်းလေးယောက်နှင့်ဝန်ထောက်ကြီး၏ထမင်းချက်သမားများပါရှိလေရာ တပျော်တပါးကြီးပင်ဖြစ်လေသည်။ ဤမျှသာမဟုတ် ကျွန်ုပ်တို့ သစ်တောထဲတွင် စခန်းတစ်ခုမှတစ်ခုသို့ပြောင်းရွှေ့ရန်အတွက် ဆင်ခြောက်ကောင်လည်း အစိုးရထံမှ ရရှိ၍ အလုပ်စခန်းသို့ရောက်သောအခါ သင်းသတ်သမား လေးဆယ်ခန့်ကပါရှိဦးမည် ဖြစ်သဖြင့်တစ်ရွာစာလောက် လူများနှင့်
စခန်းတိုင်းတွင်တပျော်တပါးကြီး နေထိုင်ကြရမည် ဖြစ်ပေ
သည်။
ကျွန်ုပ်တို့သည် သရက်မြို့မှသရက်နှင့် မင်းတုံးသွားလမ်းကျောက်ကြီးခေါ်ရွာရှိ ဘိုတဲမှရှေ့သို့ သွားရောက်အလုပ်လုပ်ကိုင်ရမည် စခန်းများမှာမူကား ဆင်စခန်းဖြစ်လေရာ နောက်တစ်နေ့ နံနက်ပိုင်းတွင် ရောက်လာသောဆင်ခြောက်ကောင်ပေါ်တွင်ပစ္စည်းများကိုတင်၍ ကျောက်ရုံးတွင်ကိုယ့်အလုပ်နှင့်ကိုယ်နေကြသောအခါ အကြောင်းအားလျော်စွာ သာမန်အားဖြင့်ပေါင်းသင်းဆက်ဆံရုံမျှနှင့်ပြီးနိုင်သော်လည်း ယခုကဲ့သို့တစ်အိမ်ထောင်
ရ တည်းသားများပမာ တစ်စုတဝေးတည်း စုပေါင်းနေထိုင်
လုပ်ကိုင်ကြရသောအခါတွင်မူကား တစ်ယောက်အကြောင်းတစ်ယောက် တတ်နိုင်သမျှ သိရှိနားလည်ထားရန်လိုအပ်ပေသည်။ အထူးသဖြင့် ဝန်ထောက်ကြီး ဦးဘဇသည် ကျွန်ုပ်၏အကြီးအကဲဖြစ်ပေရာ ၎င်း၏အကြောင်းစိတ်နေသဘောထားတို့ကို သာလွန်၍ သိထားရန်လိုအပ်ပေသည်။ သရက်မြို့ မှထွက်၍ သုံးရက်မြောက်နေ့ ညနေပိုင်းတွင် ကျွန်ုပ်တို့သည် ဇီးဖြူပင်ခေါ် ချင်းရွာလေးတစ်ရွာရှိ- ဘိုတဲသို့ ရောက်လာကြပြီဖြစ်၏။ ဘိုတဲဆိုသော်လည်းရံဖန်အရာရှိများ ရောက်လာသောအခါ တည်းခိုရန်သာမန်အားဖြင့် ဆောက်လုပ်ထားသော ဝါးကြမ်းခင်း၊ သက်
ကယ်မိုး ဇရပ်လိုလိုတဲကလေးဖြစ်လေသည်။ဘိုစောင့်တဲ
ကြီးသည် ကျွန်ုပ်တို့ရောက်လာမည့် သတင်းကို သူကြီးမှ
တစ်ဆင့်ကြိုတင်ရထားပြီးဖြစ်သောကြောင့် ကျွန်ုပ်တို့ရောက်လာသောအခါ ရှင်းလင်းသုတ်သင်ထားသောလက္ခဏာများကိုတွေ့မြင်ရလေသည်။ ဘိုတဲကလေးပေါ်တွင် ဝန်ထောက်ကြီးနှင့်တောအုပ်ကြီးတို့အတွက် နေရာများပြင်ဆင်၍ ထမင်းချက်သမားနှင့် ကျန်ရှိသော ကျွန်ုပ်တို့တတွေမှာကား ထမင်းချက်ရုံကလေးတွင်လည်းကောင်းဘိုတဲအောက်နေရာများတွင်လည်းကောင်း၊ အိပ်ရာနေရာများပြင်ဆင်ကြရလေသည်။ထွက်လာခဲ့သည် သုံးရက်အတွင်းတွင် ဝန်ထောက်ကြီး၏ ဖော်ရွေလိုက်လျောမှုကြောင့်လည်းကောင်း၊ ကျွန်ုပ်တို့၏ အလိုက်သိမှုကြောင့်လည်းကောင်း ဝန်ထောက်ကြီးနှင့်ကျွန်ုပ်တို့ အတော်ပင်ရင်းနှီး
ကြပြီဖြစ်လေသည်။ အထူးသဖြင့် ကျွန်ုပ်နှင့်ပို၍ပုလဲနာမ
သင့်ခဲ့၏။ အကြောင်းမူကား အလုပ်ဝတ္တရားအပြင်ဒေသန္တရဗဟုသုတများလိုက်စားလိုသည့် စိတ်ထားချင်းတူညီကြ၍များသောအားဖြင့်လည်း အယူအဆချင်း တူညီကြ၍လည်းဖြစ်ပါသည်။
ဝန်ထောက်ကြီးသည် မြန်မာလူမျိုးဖြစ်သော်လည်း မြန်မာခရစ်ယာန်ဖြစ်ရာ စုန်း၊ နတ်၊တစ္ဆေများကို ယုံကြည်စိတ်မရှိ သတ္တိရှိ၍စွန့်စားတတ်သူများကို လေးစားလိုသော စိတ်ရှိကြောင်းသိရလေသည်။
ညနေပိုင်းတွင် ဘိုတဲစောင့် အဘိုးကြီးသည်အနည်းအကျဉ်းလုပ်စရာရှိသမျှကို ကူညီလုပ်ကိုင်ပေးပြီးနောက် နည်းနည်းမှောင်စပြုလာ၍ ဘိုတဲအနီးရှိ ၎င်း၏အိမ်သို့ ပြန်ခါနီးတွင်ထမင်းချက်တဲသို့ သွားသောအခါထမင်းချက်များကို အရေးတကြီးမှာကြားနေသည်ကိုအမှတ်မထင်တွေ့မြင်ရသဖြင့် အဘိုးကြီးမှာကြားနေရာနေရာသို့သွားရောက်၍
နုပ် -ဘာတွေများမှာနေတာလဲ ဘကြီး”
စောင့် -“ဪာ်-ထွေထွေထူးထူးမဟုတ်ပါဘူး ငါ့တူရယ်
တောထဲတောင်ထဲဆိုတာ နည်းနည်းပါးပါး ဆင်ခြင်နေထိုင်ကြဖို့ လူငယ်တွေမို့ ပြောမှားဆိုမှား ရှိမစိုးလို့ သတိပေးနေတာပါ”
နုပ် - “ ဒီနေရာက် နတ်ကြီးသလား ဘကြီး”
စောင့် “ကြီးပါသော်ကော မောင်ရင် သေချင်ရင် စိန်
မစားနဲ့ ဇီးဖြူပင်သွားဆိုတာ ဒီနေရာပေါ့။
ထိုအချိန်၌ဝန်ထောက်ကြီးလည်း ကျွန်ုပ်တို့ တတွေစုရုံး၍ပြောဆိုနေကြသောနေရာသို့ အပျင်းပြေနားထောင်လိသည့် လက္ခဏာနှင့်ရောက်၍လာလေ၏။
နုပ် … မြန်မာတွေဟာ အဲဒါတွေကျပ်တာပဲ ဒီသေချင်
ရင်စိန်မစားနဲ့ဆိုတဲ့ လင်္ကာဟာ တွေ့ကရာနေရာနဲ့ တွဲ
ပြောနေတဲ့ နာမည်ကြီးလင်္ကာဘဲ။ နို့- ဒီရွာကလူတွေတော့
နတ်က ဘယ့်နှယ်မှ မလုပ်ဘူးလား”
စောင့် -“မမှားမယွင်းအောင် နေကြတာကိုးကွဲ့ ။ ဘယ်
လုပ်မလဲ”
နုပ် … “နို့…ခင်ဗျား ဇီးဖြူနတ်က ဘာတွေများ မကြိုက်
တတ်သလဲ...ကျွန်တော်တို့ဘာတွေရှောင်ကြရမှာလဲ...'
စောင့် - “ထူးထူးထွေထွေတော့မဟုတ်ပါဘူး မောင်ရင်
ရယ်၊ ထုံးစံအတိုင်းပါဘဲ။ အကြမ်းပရမ်းမပြောနဲ့၊
စလောင်းဖုံးချင်းမတီးနဲ့...၊ ယောက်မကို ဆောက်ထိုး
မထောင်နဲ့
နုပ် - “ဟင်...ဖြစ်မြှဖစ်ရလေ...အကြမ်းပရမ်း ပြောတာ
ကတော့ လူမကြိုက်တဲ့အလုပ်မို့ နတ်လည်း ကြိုက်မှာ
မဟုတ်လို့ ရှိပါစေတော့၊ စလောင်းဖုံးချင်းတီးတာကတော့
နတ်ကဘာဖြစ်လို့မကြိုက်ရပါလိမ့်ဗျာ...
ဝန်ထောက်ကြီးသည်... ကျွန်ုပ်စကားကို လက်ခံသည့်လက္ခဏာဖြင့်ပြုံးလိုက်၏။အဘိုးကြီးကမူကားမနှစ်မြို့သည့်မျက်နှာနှင့် ကျွန်ုပ်ကိုတစ်ချက်မော်ကြည့်လိုက်ပြီးလျှင်....
”စောင့် -“ဘာဖြစ်လို့မကြိုက်တယ်ဆိုတာတော့ မသိဘူး
မောင်ရင်ရေ၊ ကျုပ်ကတော့ သတိပေးရမဲ့ ဝတ္တရားရှိတယ်
ထင်လို့ ပေးတာပါပဲ၊ ကဲ၊ ဘကြီးလည်း ပြန်လိုက်ပါဦးမယ်”
နုပ် - “ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ခင်ဗျာ” ဘိုတဲ
စောင့်အဘိုးကြီးပြန်သွားသောအခါ… ဝန်ထောက်က
“မောင်သိန်းဖေပြောတာ အကွက်ကျသဟေ့ ဘယ့်နှယ်သဘောရသလဲ...စောရေအေး...”ဟုတောအုပ်ကြီးဘက်သို့ လှည့်၍မေးလိုက်ရာ တောအုပ်ကြီးက.. “တော
ထဲဆိုတာ အကျိုးနဲ့အကြောင်းနဲ့ ရှာနေလို့ဖြစ် တာမဟုတ်
ဘူး...ရှေ့နား ချင်းနယ်ထဲရောက်လို့ရှိရင် ဒီထက် အကျိုး
အကြောင်းမဆီလျော်တဲ့အချက်တွေ ပိုတွေ့ ရပါလိမ့်ဦး
မယ်...၊ ဒီတော့ကျွန်တော်တို့ဟာ ဒါတွေဂရုစိုက် နေရင်
ဆုံးမှာမဟုတ်ပါဘူး၊ နတ်လည်း သူ့ဟာသူနေပေါ့...
ကျွန်တော်တို့လည်း ကျွန်တော်တို့ဟာ ကျွန်တော်တို့
နေပေါ့”
နုပ် - “ကျွန်တော်ကတော့ နည်းနည်းပါးပါးလက်တွေ့
သိချင်သဗျာ၊ အကြမ်းပရမ်းပြောတာကတော့ ကျွန်တော်
လည်းမကြိုက်ဘူး၊ ဘယ်သူမှလည်းမကြိုက်ဘူး၊
စလောင်းဖုံးချင်းမတီးနဲ့ဆိုတာကတော့ ကွဲမှာစိုးလို့
ယောက်မဇောက်ထိုး မထောင်နဲ့ဆိုတာ ဟင်းထဲ
ဝင်မှာစိုးလို့ ရှေးလူကြီးတွေ နတ်နဲ့လှည့်ခြောက်တာဗျ၊
နို့ပေမဲ့ဟုတ်သော်ရှိ-မဟုတ်သော်ရှိ ကျွန်တော်တို့အပျင်း
ပြေသိကြရအောင် တီးသဗျာ- ဟောထောင်တယ်ဗျာ...
ဟုပြောရင်းမီးဖိုထဲတွင် အဆင်သင့်ရှိသောဒန်အိုးဖုံးနှစ်ခုကို
နှစ်ချက်မျှတီးလိုက်၍ ယောက်မကိုလည်း ဇောက်ထိုးဆွဲ၍
ထောင်လေသည်။
ဝန်ထောက်သည်... ကျွန်ုပ်၏အပြုအမူများကို သဘောကျသည့်လက္ခဏာဖြင့်အသံထွက်အောင်ပင် ရယ်မောလိုက်၏။ သို့ရာတွင်ကျန်သောတောအုပ်၊ တောခေါင်းများမှာကား မနှစ်လိုခြင်း၊ ကြောက်ရွံ့ခြင်း၊ ကျွန်ုပ်ကို အပြစ်ဆိုခြင်းလက္ခဏာများပေါ်ပေါက်နေကြပေရာ ဝန်ထောက်ကြီးတစ်ယောက်လုံးက၊ ကျွန်ုပ်နှင့် အတူမအိပ်ဝံ့သည့် လက္ခဏာဖြင့် အခြားနေရာသို့ ပြောင်းရွှေ့သွားရာ ဤအခြင်းအရာကို ဝန်ထောက်ကြီးသိရှိသွားရကား.. သူ၏အနီးသို့ကျွန်ုပ်ကိုအတင်းပင် ရွှေ့ပြောင်း၍အိပ်စေလေသည်။ သို့နှင့်... ကျွန်ုပ်နှင့်ဝန်ထောက်ကြီးတို့မှာ ရင်းနှီးသည်ထက်ရင်းနှီးသွားကြလေသည်။
ရန်ကုန်တွင် နေစဉ်က နတ်က ဘယ်ပုံလုပ်နိုင်သနည်း ဟုသိချင်စိတ်ကြောင့်ဇွတ်တရွတ်လုပ်ခဲ့ဖူးပုံကလေးကို သတိရမိသေး၏။ ကျွန်ုပ်၏နှမတစ်ယောက်သည်နတ်ကို ဟုတ်တိပတ်တိ ယုံကြည်ကိုးကွယ်သူယောက်ျားနှင့် အိမ်ထောင်ကျပြီး၊ ဘုန်းကြီးလမ်းတွင်နေထိုင်ရာ၊ ဝါဆိုဦးတစ်နေ့တွင် ပွဲကြီးပွဲငယ်များ ခင်းကျင်း၍ နတ်ကနားပွဲကြီးလုပ်လေသည်။ နတ်ကနေစဉ်တွင် ကျွန်ုပ်သည် နတ်ပွဲများထဲမှ အကြီးဆုံး-အဝဆုံး ထင်ရသော ငှက်ပျောပွဲကြီးတစ်ခုကို အတင်းဝင်ဆွဲပြီးလျှင် အပြင်သို့ယူသွားသောအ
ခါ၊ ကုလားများ ကလေးများကို ဝေငှပေးလေ၏။ နတ်ပွဲ
မှာ ရုတ်ရုတ်ရက်ရက် ဖြစ်သွားသော်လည်း ယောက်ဖမှာ
မူကား..နှမ၏မျက်နှာကြောင့်တစ်စုံတစ်ရာ မပြောဆိုရှာ
ပါပေ။ထိုအချိန်ကား... နတ်ကတော်ခေါင်းဆောင်ကြီး
ကိုယ်တိုင်က၍ မနှဲလေးနတ်ဝင်နေသော အချိန်ဖြစ်လေ
သည်။ မနှဲလေးနတ်က အသံသေးသံညှောင်ဖြင့်“သိစေ
မယ်ဟေ့နော်...စော်ကားတဲ့ကောင်သိစေမာ့နော်...”
စသည်ဖြင့်အကြိမ်ကြိမ် အထပ်ထပ်ကြိမ်းဝါးနေ သံ
ကြားရ၏။ ကျွန်ုပ်ကလည်း... လူကိုယ်တိုင်သာဘယ့်
နှယ်မှလာမလုပ်ပါနဲ့ ဗျာ..နတ်တန်ခိုးနဲ့ ဆိုရင်အဲဒီကနေပြီး
တစ်ခါတည်းသေအောင်သာ သတ်ပစ်လိုက်စမ်းပါ...” ဟု
ခပ်ကျယ်ကျယ်ပင်အော်၍ပြန်ကြိမ်းလိုက်လေသည်။ သို့ရာ
တွင်ကျွန်ုပ်ဘာမှ မဖြစ်ခဲ့ပါပေ။
ယခုလည်း ကျွန်ုပ်သည် နတ်ကိုလက်တွေ့စမ်းပြန်
ပြီဖြစ်၏၊ ကျွန်ုပ်တို့ဇီးဖြူပင်ဘိုတဲတွင်ယနေ့တစ်ညသာ
နေထိုင်ကြ၍နက်ဖြန်မနက်ဆိုလျှင် အခြားတစ်နေရာသို့
ပြောင်းရွှေ့ကြမည်ဖြစ်လေရာ ဇီးဖြူပင်နတ် ဆိုသူသည်
၎င်းမနှစ်သက်ဘူးဆိုသော အပြုအမူများကို ပြုလုပ်ခြင်း
ကြောင့်ကျွန်ုပ်အားနှောင့်ယှက်မည်ဆိုလျှင် ယနေ့တစ်ည
သာ နှောင့်ယှက်ဖို့ အချိန်ရှိပေလိမ့်မည်။
ဝန်ထောက်ကြီးတွင်၊ နှစ်လုံးပြူးတစ်လက်၊ ရိုင်ဖယ်
‘နှစ်လုံးပြူးတစ်လက်ပါ၍တောအုပ်များတွင် နှစ်လုံးပြူး
တစ်လက် ကိုယ်စီပါကြရာ...မည်သည်စခန်းတွင်မဆို ည
အချိန်ဆိုလျှင်သေနတ်များကို အဆင်သင့် ပြင်ထားကြ
သည်မှာ ထုံးစံပင်ဖြစ်လေသည်။ သို့ဖြစ်ရာ အကြင်ရန်သူ
သည် သေနတ်ဖြင့်နှိမ်နင်းရလောက်သော ရန်သူဖြစ်ပါက
ကျွန်ုပ်တို့မှာ တစ်စုံတစ်ရာ စိုးရိမ်ဖွယ်မရှိပါပေ။
ထိုအချိန်ကား လဆုတ် ၈ ရက်ခန့်အချိန် ဖြစ်ရာ၊
ညဦးပိုင်းမှာ တောရိပ်ကလည်းကြီး၊ ဆိတ်ငြိမ်သည့် နေရာ
လည်းဖြစ်သောကြောင့် ပို၍မှောင်သည်ဟု ထင်ရလေ၏။
ကျွန်ုပ်နှင့်ဝန်ထောက်ကြီးတို့သည် မအိပ်မီတွင် ထွေရာ
လေးပါး စကားများပြောဆိုကြပြီးလျှင် ၁၁- နာရီခန့်
တွင် ဝန်ထောက်ကြီးအိပ်ပျော်သွားလေသည်။ကျွန်ုပ်က
ဘုရားပုထိုးရှိခိုးပြီး၍ မီးငြိမ်းလိုက်ပြီးလျှင်အိပ်လေရာ
ယင်းသို့ဘုရားရှိခိုးခြင်းသည် ဘေးဥပဒ် တစ်စုံတစ်ရာကို
ကာကွယ်စိမ့်သော်ငှာလည်း မဟုတ်၊ ဇီးဖြူပင်နတ်ဆို
သူက မနှောင့်ယှက်နိုင်ရန်လည်းမဟုတ်၊ မည်သည့်အခါမ
ဆို မအိပ်မီဘုရားရှိခိုး၍ အိပ်တတ်ခြင်းမှာ ငယ်စဉ်မှစ၍
ရိုးတွင်းခြင်ဆီခိုက်အောင် သင်ကြားပေးခဲ့သော မိဘများ
၏ အမွေအနှစ်ကြောင့်သာဖြစ်ပေသည်။တစ်နေ့လုံးလိုလို
လမ်းလျှောက်ခဲ့ရသောကြောင့်ခြေပစ်လက်ပစ် အိပ်မောကျ
သွားရာ အိပ်ရာမှ တစ်ရေးနိုးသောအခါ ခေါင်းအုံးဘေး
တွင်ချထားသော လက်ပတ်နာရီကို လက်နှိပ်ဓာတ်မီးဖြင့်
ထိုး ကြည့်လိုက်သောအခါ နာရီပြန်နှစ်ချက်ထိုးပြီးပြီကို
တွေ့ရ၏။ ကျွန်ုပ်သည် အခင်းကလေးသွားလိုသောကြောင့် အိပ်ရာမှထလိုက်သည်တွင် ဝါးကြမ်းများဖြစ်သောကြောင့်၊ချိုးချိုးချွတ်ချွတ်မြည်သွားသဖြင့်၊ ကျွန်ုပ်ကဲ့သို့ပင်အိပ်ရာမှနိုးနေဟန်တူသောဝန်ထောက်ကြီးက “မောင်သိန်းဖေလားဟေ့..” ဟုမေးလိုက်သောအခါ သန်းခေါင်ကျော်လင်းအားကြီးသို့ပင်ရောက်လာပြီး ဖြစ်သဖြင့်... လဆုတ်ရက်တွင် ထွက်သောလကလေးမှာလည်း အတော်ပင်စောင်းနေပြီဖြစ်ရာ လရောင်များမှာ ကျွန်းပင်ကြီးများမှဖောက်ထွင်းပြီးလျှင်၊ ဘိုတဲပေါ်မှ မှုန်တိမှုန်မွှား ကျရောက်နေပေ၏။ ကျွန်ုပ်သည် ဘိုတဲလှေကားအောက်သို့
ဆင်းမိသည်နှင့် တစ်ပြိုင်နက် ဘိုတဲရှေ့ကွင်းမြေပြောင်
ပြောင်ပေါ်တွင် တစ်စုံတစ်ခုကို ရုတ်တရက်မြင်လိုက်ရာ
ကြက်သေပင်သေ၍နေမိလေသည်။
ထို့နောက်ချက်ချင်းသတိရပြီးလျှင် ဘိုတဲပေါ်သို့ ပြန်
တက်ကာ“ဝန်ထောက်မင်း...ဝန်ထောက်မင်း”ဟု အသံ
အုပ်အုပ်ဖြင့်ခေါ် လိုက်ရာ...
ထောက် – “ဘာတုန်းဟေ့ မောင်သိန်းဖေ
နုပ် “ဘိုတဲရှေ့မှာ ဘိုတဲရှေ့မှာ၊ ထကြည့်ပါဦး”
ထောက် -“မင်းဟာက ဘာတုန်းကွအလန့်တကြားနဲ့”
နုပ် - “ကျားကြီး... ကျားကြီး...
ကျွန်ုပ်တို့သည် ပြောရင်းနှင့်ပင် သေနတ်များကို
အဆင်သင့်ပြင်ဆင်ပြီးဖြစ်လေ၏။ အခြားတောအုပ်ခေါင်း
များမှာလည်း အိပ်ရာမှနိုးကြဟန်တူရာ တောအုပ်ကြီးတစ်
ယောက်သာလျှင် သေနတ်ကိုင်ရင်း ကျွန်ုပ်နှင့်အတူ လာ
ရောက်ပူးပေါင်း၍ အခြားတောအုပ်တောခေါင်းများမှာ
မူကား ကြောက်သောကြောင့် “ပုနေကြဟန်လက္ခဏာရှိ
ကြပေသည်။
ကျွန်ုပ်တို့သည် ဘိုတဲပေါ်မှမဆင်းဘဲ ရှေ့ဘက်ကဲ
လားကို အသာဖွင့်၍ကြည့်လိုက်သော အခါတွင်မူကား
ထိုကျားကြီးမှာ မူလတွေ့စဉ်ကကဲ့သို့ မဟုတ်တော့ဘဲ
ပါးစပ်မှ တဟဲဟဲမြည်ရင်း လျင်မြန်စွာ ခေါက်တုံ့ခေါက်ပြန်
လမ်းသလားနေလေသည်။
ထောက် “ ငါက ခေါင်းကိုပစ်မယ်ဟေ့၊ မင်းတို့
နှစ်ယောက်က ဗိုက်ကိုချိန်ပစ်ကြ...”
ကြီး - “လူမှအန္တရာယ်မပြုပဲကြည့်နေကြသေးရင်
မကောင်းဘူးလားဝန်ထောက်မင်းရဲ့…….
နုပ် - “ခင်ဗျားကနတ်ကျားထင်လို့လား….”
ကြီး - “ထင်တာဘဲကြည့်ပါလားဗျ၊ ဧရာမအကောင်ကြီး၊ ကျွန်တော်ဖြင့်ဒါလောက်ကြီးတာ တစ်ခါမှ မတွေ့ဖူးသေးဘူး၊ ပစ်လိုက်လို့ တစ်ခါတည်းသေသွားရင်ကောင်းရဲ့၊ မသေဘဲနဲ့ လူတွေလျှောက်ဒုက္ခပေးနေလို့ ချောက်ကျနေပါဦးမယ်...”
-
နုပ် – “ခင်ဗျားနတ်ကျားကလည်းဗျာ ... သူလို ကိုယ်လို
ပါပဲလား ကြီးတာကတော့ဟုတ်ပါရဲ့…”
ထောက် -“ကဲစကားရှည်မနေကြနဲ့တော့၊ ယောက်ျား
သုံးယောက် သေနတ်သုံးလက်နဲ့ဘဲ ဘယ်သူ ကြောက်နေ
ရဦးမလဲ ကဲ ချိန်ဟေ့ တစ်... နှစ်... သုံး..
.ဒိန်း ဒိန်း ဒိန်း
တောကြီးခုလုံးဟိန်းသွားလောက်အောင် သေနတ်
သုံးလက်၏အသံများ တစ်ပြိုင်နက်ထွက်သွားပြီးနောက်
ကျားကြီးမှာလည်း ကြီးစွာသော အသံဖြင့်ဟိန်းရင်း
တစ်ချက်တည်းကျွမ်းပစ်လိုက်ပြီးလျှင် တောထဲသို့ဝင်သွား
လေသည်။ ထိုအခါကျမှ ဘိုတဲရှိလူအားလုံး စုရုံးရောက်ရှိ
လာကြပြီးလျှင် တစ်ယောက်တစ်မျိုးစီ ထင်မြင်ချက်ပေးကြ
လေသည်၊ မည်သို့ပင်ဖြစ်စေ ကျွန်ုပ်တို့ကား ထိုညအဖို့တွင်
မအိပ်ကြတော့ဘဲ မီးများထည့်ကာ လက်ဖက်ရည်ကြမ်း
အိုးများကျိုကြပြီးလျှင်၊ စကားဝိုင်းဖွဲ့ပြောရင်းနှင့်ပင် မိုးလင်း
ကြရလေသည်။
ညကပစ်ကြခြင်းမှာ ချက်ကောင်းကိုမထိသောကြောင့် တစ်ခါတည်းမသေ၊ ထိပင်ထိသော်လည်း အရှိန်နှင့်တောထဲသို့ ဝင်သွားခြင်း ဖြစ်သောကြောင့်၊ အနီးအနားမှာပင် သေနေလိမ့်မည်။ နတ်ကျားဖြစ်သောကြောင့်၊ထိကိုမထိ တန်ခိုးနှင့် ပျောက်သွားသည်ဟု အမျိုးမျိုးထင်မြင်ချက်ပေးကြသည်တွင် လူအများစုကမူကား တတိယထင်မြင်ချက်ကို တစ်ညီတစ်ညွတ်တည်း သဘောတူကြလေသည်။သို့ရာတွင် ကျွန်ုပ်တို့သည် တွေ့လိုတွေ့ငြား နောက်တစ်နေ့နံနက်တွင် အနီးအနားတောများထဲသို့ လူခွဲ၍ ရှာ
ဖွေကြသော်လည်း အစအနမျှပင် မတွေ့ကြရတော့ပေ။
သို့နှင့်ကျွန်ုပ်တို့သည် နောက်တစ်နေ့တွင် သူကြီးက
အဆင်သင့်ငှားထားသော သစ်ခုတ်သမားလေးဆယ်နှင့်
တကွ၊ အလုပ်လုပ်ရမည် စခန်းထိခရီးဆက်လက် ထွက်ခွာ
လာခဲ့ကြလေသည်။ကျွန်ုပ်တို့ ထွက်လာခဲ့သော နိုဝင်ဘာ၊ ဒီဇင်ဘာလများတွင် တောထဲ၌သာ စခန်းချ အလုပ် လုပ်ကိုင်ခဲ့ကြပြီးဇန်နဝါရီလကုန်ခါနီးလောက်တွင်၊ ရခိုင်ရိုးမတောင်ခြေအနီး
ကျွန်းသုံးပင်ခေါ် အိမ်ခြေသုံးလေးဆယ်ခန့်ရှိ ချင်းတစ်ပိုင်း၊
ဗမာတစ်ပိုင်း နေထိုင်သော ရွာကလေးသို့ စခန်းချရန်
ရောက်ရှိလာကြလေသည်။ ထိုရွာကလေးမှာ အစိုးရ
သစ်တောကြိုးဝိုင်းအနီးတွင် တည်ရှိသည်မှန်သော်လည်း
သရက်မြို့ မင်းတုံးမြို့များမှ လွဲ၍အခြားရွာများနှင့် အလွန်
ဝေးကွာသော တောကြီးခေါင်ခေါင်ထဲတွင် တည်ရှိသော
ကြောင့် ရေသာခိုခွင့်ရှိသော ဝန်ထောက်များ တောအုပ်ကြီး များ မဆိုထားနှင့် တောခေါင်းကလေးများပင်လျှင် တစ်နှစ်
လျှင် တစ်ခါအရောက်အပေါက်နည်းလှသော ရွာကလေး
ဖြစ်ပေသည်။သို့ရာတွင် အစိုးရကမူ ဝတ္တရားအတိုင်း ရွာနှင့်
တစ်ဖာလုံမျှကွာသောနေရာတွင် အလွန်ကြီးမားသော
ကျွန်းပင်ကြီး သုံးပင်ကိုအမှီပြု၍ ဘိုတဲတစ်ခုဆောက်
လုပ်ထားလေသည်။
·
ထိုကျွန်းပင်သုံးပင်ကို အမှီပြု၍ ရွာကလေးလည်း
ကျွန်းသုံးပင်ရွာ၊ ဘိုတဲလည်း ကျွန်းသုံးပင်ဘိုတဲဟုအမည်
တွင်နေခြင်းဖြစ်လေသည်။ အံ့သြဖွယ်ကောင်းသည်မှာ
သစ်တောရှိအရာရှိများ မကြာခဏ ရောက်လာတတ်သော
မြို့ အနီးအပါးရှိ ဘိုတဲများမှာမူ တဲကလေးသာသာမျှသာ
ဖြစ်သော်လည်း ဤကျွန်းသုံးပင်ဘိုတဲမှာမူ ခိုင်ခန့်သော
တိုင်ကြီးများ၊ စားပွဲကြီးများ၊ စာအုပ်ထည့်ရန်၊ ပစ္စည်း
ထည့်ရန်သေတ္တာကြီးများ၊ အကာအရံများ၊ သားနားသပ် -
ရပ်စွာ ဆောက်လုပ်ထားခြင်း ဖြစ်ပေသည်။
။
ဤသို့သစ်တောအရာရှိများ အရောက်နည်းသည်
ဟုသာ ဆိုရသော်လည်း နှစ်နှစ်တစ်ကြိမ် သုံးနှစ်တစ်ကြိမ်
လောက်တော့ ယခုဝန်ထောက်ကြီး ဦးဘဧကဲ့သို့ ဝတ္တ
ရားကျေပွန်သောအရာရှိများ ရောက်ခဲ့သည့်အပြင် တစ်ခါ
တစ်ရံ မျက်နှာဖြူအရာရှိများပင် ရောက်လာတတ်သည်ဟု
သတင်းကြားရလေသည်။ဘိုတဲကြီးမှာ ခိုင်ခန့်စွာဆောက်လုပ်ထားခဲ့သည် ဆိုစေကာမူ၊ နှစ်ပရိစ္ဆဒေ ကြာမြင့်ဟန်ရြှိခင်း၊လူအနေနည်းခြင်းကြောင့်ပိုးထိုးခြစားနှင့် အတော်ပင် ဟောင်းနွမ်း
ကာ ယိမ်းယိုင်နေပြီဖြစ်သည်။ဘိုတဲစောင့်ဆိုသူမှာလည်း
မမက်လောက်သော လခကလေးကို ဂရုမစိုက်တော့ဘဲ
မိမိစောင့်ရှောက်ရသော ဘိုတဲကို ပိုင်စိုးပိုင်နင်း ဘိုတဲ
အောက်တွင် ခြံခတ်ကာ ကြက်၊ ဘဲများမွေးမြူထားလေ
သည်။ ထိုရွာသို့ ရောက်လာခဲ့ခြင်းက ရှေးကစခန်း
များကဲ့သို့ ကြိုတင်အကြောင်းကြားထားခဲ့ခြင်း မရှိသဖြင့်
ကျွန်ုပ်တို့ရောက်သွားချိန်တွင် ဘိုတဲစောင့်ကြီးမှာ တစ်စုံ
တစ်ရာ ပြုပြင်ချိန်မရဘဲ မူလအခြေအနေအတိုင်းပင်
တွေ့မြင်ရလေသည်။
ကျွန်ုပ်တို့သည် အသက်အရွယ် ကြီးရင့်ပြီဖြစ်သော
ဘိုတဲစောင့် အဘိုးကြီး ကို အားနာခြင်းကြောင့် အနည်း
အကျဉ်းမျှသာ ကိုယ်တိုင်ရှင်းလင်းသုတ်သင်ကြပြီးလျှင်
အသီးသီး ကိုယ့်နေရာနှင့်ကိုယ် ခွဲဝေသတ်မှတ်ကြပြီး
ဖြစ်၏။ ဤအခြင်းအရာကို တွေ့မြင်ရသော ဘိုတဲစောင့်
အဘိုးကြီးသည် မျက်နှာပျက်ပြီး နောက်ဆုံးအောင့်မထား
နိုင်သည့် လက္ခဏာဖြင့် “မောင်ရင်တို့ ဒီမှာပဲ အိပ်ကြ
မလို့လား” ဟု ဖွင့်၍မေးလေသည်။
နုပ် - “ကျွန်တော်တို့ ဒီမှာ မအိပ်လို့ ဘယ်မှာ အိပ်စရာ
ရှိလို့လဲ ဘကြီးရဲ့”
စောင့် – “ရွာထဲမှာ အိပ်စရာ နေရာတွေရှိပါတယ်၊ ဘကြီး
ဒီမှာ တအောင့်တစ်ဖြုတ်နားနေပြီး ရွာထဲများရွှေ့ ကြမလား
လို့။ အေးလေ .. လူအင်အားလည်း ရှိသားဘဲ...”
နုပ် - “လူမများလည်း ဒီမှာအိပ်ရင် ဘာဖြစ်လို့လဲ
ဘကြီးရဲ့ ရှင်းရှင်းပြောစမ်းပါ”
စောင့် … “ဒီအရင်ကလာဖူးတဲ့ အစိုးရတွေတော့ ရွာထဲမှာ
အိပ်ကြလို့ပါ။ တစ်နှစ်တုန်းကဆိုလျှင် အင်္ဂလိပ် အစိုးရကြီး
တောင် ရွာထဲမှာဘဲ သွားအိပ်တယ်”
ကျွန်ုပ်သည်ဘိုတဲစောင့်ကြီး၏မရေမရာ ပြောပြချက်အရ ဤဘိုတဲနှင့်ပတ်သက်၍ “စိတ်ဝင်စားစရာကောင်းတဲ့နေရာတစ်ခု ရောက်လာပြန်ပြီထင်တယ် ဝန်ထောက်မင်း” ဟု စကားစလိုက်ပြီးလျှင် ဘိုတဲစောင့်ကြီး၏မသင်္ကာဖွယ်ရာပြောပုံများကို ဝန်ထောက်မင်းအား ပြော၍ပြလိုက်၏။
ဝန်ထောက်ကြီး ဦးဘဧမှာ တစ္ဆေသရဲကိုယုံသည် မယုံသည် ထား၍ စိတ်သဘောထားပြည့်ဝခြင်းနှင့် ဗဟုသုတ လိုက်စားလိုသည့် ဆန္ဒရှိသူဖြစ်သဖြင့်ဘိုတဲစောင့်ကြီးကို အနီးသို့ ခေါ်ပြီးလျှင်မည်သည့်အကြောင်းကြောင့်ဤဘိုတဲတွင် မအိပ်စေလိုပါသနည်း ဟု လိုက်လျောစွာမေးမြန်းရာ ဤဘိုတဲမှာ သရဲအလွန်ခြောက်သဖြင့် ရွာသားများဆိုလျှင် ညအိပ်ဝံ့ဖို့မဆိုနှင့် အနည်း
ငယ်မှောင်လျှင်ပင် ဤဘိုတဲအနီးသို့ မလာဝံ့ကြကြောင်း၊
သုံးနှစ်အတွင်း ဤဘိုတဲတွင်လူတစ်စုံတစ်ယောက်မျှ
မအိပ်ခဲ့ဖူးကြောင်း၊ တမြန်နှစ်က သရဲမယုံပါဘူးဟုဆို
သော ခရစ်ယာန်ဗမာ အရာရှိတစ်ယောက် ဤဘိုတဲ
သို့ရောက်လာ၍ မိမိက စေတနာနှင့် မအိပ်ရန်ပြောမိသည်
တွင် အကြိမ်းအမောင်းပင် ခံရဖူးကြောင်း၊ သို့ရာတွင်
ထိုညတွင်းချင်းပင် သရဲခြောက်လွန်း၍ မအိပ်ဝံ့တော့ဘဲ
ရွာထဲသို့ပြောင်းရွှေ့ခဲ့လေရာ မိမိကိုမူကား ကျေးဇူးတင်
စကားလေး တစ်ခွန်းပင်မပြောခဲ့ကြောင်း၊ လွန်ခဲ့သော
ဆယ်နှစ်ခန့်က အင်္ဂလိပ် အရာရှိတစ်ယောက်သည်
မိမိသတိပေးပါလျှက်နှင့် ဇွတ်တရွတ် အိပ်ခဲ့သောကြောင့်
သရဲခြောက်၍ သေဆုံးသွားခဲ့ဖူးကြောင်း၊ သရဲခြောက်ပုံ
ခြောက်နည်းနှင့် တကွ စုံစုံလင်လင်ပြောပြလေသည်။
ထောက် - “ဘယ်နှယ့်လဲဟေ့ မောင်သိန်းဖေ..."
နပ် - “ဝန်ထောက်မင်း သဘောတစ်ခုပဲ ကျွန်တော်က
တော့ လက်တွေ့မရှိခဲ့ဖူးလေတော့ စမ်းချင်တာပဲ...
နုပ် - “ဘိုတဲပေါ်မှာ မဟုတ်ပဲ... တစ္ဆေတိုင်းပြည်မှာပဲ
အိပ်ရပါစေ ဝန်ထောက်မင်း...
ထောက် - “ ငါလည်းပြောသံတော့ကြားဖူးတာပဲကွ... :
တစ်ခါမှတော့ လက်တွေ့မကြုံဖူးသေးဘူး။ ဒါလောက်
အပြောကြီးလှတဲ့နေရာ ဒီတစ်ခါတော့ တွေ့တန် ကောင်း
ပါရဲ့”
ကျွန်ုပ်တို့သည် ဘိုတဲ၏ ဖြစ်ခဲ့ပြီးသော အကြောင်း
များကိုစုံလင်စွာသိလိုသေးပေရာ ထိုနေ့အဖို့အချိန်ကလည်း
စောသေးသဖြင့် ရွာထဲရှိ လူကြီးများအားလုံး ဝန်ထောက်
မင်းက ယနေ့ညနေ ဘိုတဲသို့ လက်ဖက်ရည်သောက် ကြွ
တော်မူပါဟု ဘိုတဲစောင့်အဘိုးကြီးကိုပင် အဖိတ်ခိုင်းလိုက်
ပါသည်။ဘိုတဲ၏ ပုံသဏ္ဌာန်ကို ဖော်ပြရန်လိုပေသေးသည်။
မတ်တတ်ရပ် အိမ်ပုံမျိုးကဲ့သို့ ခပ်မြင့်မြင့် ဆောက်ထား
ပြီးလျှင် လှေကားဘေးဖက် ခါးပန်းအတွင်းမှ ထောင်ထား
လေသည်။ နှစ်ပရိစ္ဆဒေလည်း ကြာမြင့်၊ မိုးအခါများတွင်
လေကလည်း ပြင်းသောကြောင့် ဘိုတဲကြီးမှာ အတော်
ပင်ယိမ်းယိုင်၍နေပြီး သရဲခြောက်တတ်သည်ဟူသော
သတင်းကို မကြားရမီက အမှုမဲ့အမှတ်မဲ့ပင်နေမိသော်
လည်း စိတ်ကြောင့်လေလားမသိ ကျွန်းပင်ကြီး သုံးပင်၏
အရိပ်အောက်တွင် ယိမ်းယိုင်နေသော ဘိုတဲကြီး၏ အသွင်
မှာ ကြောက်မက်ဖွယ်ရာကြီးလိုလိုပင် ထင်မှတ်မိလေ
သည်။ လှေကားမှတက်လိုက်လျှင် ဘိုတဲအရှေ့ဘက် ဝရံ
တာခန်းသို့ ရောက်လေသည်။ ထိုအခန်း၏ အလယ်တည့်
တည့်တွင် အတွင်းဘက် အခန်းနှစ်ခုကို ခွ၍ ဘဲဥပုံစားပွဲ
ကြီး တစ်လုံးရှိလေသည်။ အကာများမှာ ပျဉ်ထောင်များ
ဖြစ်သော်လည်း ပိုးထိုးသံကွာနှင့် အပေါက်များ ဖြစ်နေရာ
အထူးသဖြင့် ဝရံတာခန်းနှင့် အတွင်းဘက်ကိုခြားထား
သော နံရံမှာ အပေါက်များပို၍များလေသည်။
အခန်းတစ်ခန်းတွင် ကျွန်းသေတ္တာကြီးတစ်လုံးစီရှိ
ရာ သေတ္တာကြီးတစ်လုံးတွင် အလွန်နှစ်ကြာပြီဖြစ်သော
မဂ္ဂဇင်း-ဂျာနယ်ဟောင်း များကိုတွေ့ရှိရသဖြင့် ယနေ့ ည
အဖို့မှာ အခြေအနေကိုစောင့်ရင်း ဇိမ်နှင့် ဖတ်မည်ဟု
စိတ်ကူးထားလေသည်။
ညနေစောင်း သုံးနာရီ သာသာလောက်တွင် ရွာထဲမှ
ချင်းအဘိုးကြီး၊ ဗမာအဘိုးကြီး နှစ်ဆယ်လောက် တတ်
နိုင်သမျှ ဝတ်စားပြင်ဆင်၍ ဖိတ်ခေါ်ထားချက်အရ
ရောက်လာကြရာ ဘိုတဲရှေ့ခန်းတွင် တာလပတ်များခင်း
၍ လက်ဖက်ရည်နှင့်မုန့်များ တတ်နိုင်သမျှ ကျွေးမွေးပြီး
လျှင် ချစ်ကျွမ်းတဝင်ဖြစ်စေရန် ကျွန်ုပ်တို့လည်းအဘိုး
ကြီးများနှင့်ရောနှော ထိုင်ကာစားသောက်ကြလေသည်။
စားသောက်ပြီးသောအခါ ဝန်ထောက်ကြီးက “ဤဘိုတဲ
တွင် သရဲခြောက်တတ်သည်ဟုကြားရကြောင်း ဤသ
တင်းမှန်ပါသလား” ဟုစတင်မေးမြန်းရာ “ဟာ
ဝန်တောက်မင်းရယ် မှန်တာမှ ရိုးရိုးခြောက်တာတောင်
မဟုတ်ဘူး၊ သေအောင်ကိုခြောက်တာ၊ သေချင်ရင်
စိန်မစားနဲ့ ကျွန်းသုံးပင်သွားဆိုတာ ဒီဘိုတဲပေါ့ ”ဟု
ကွမ်းဝါးရင်း အားရပါးရပြောလိုက်ရာ ကျွန်ုပ်က ဝန်
ထောက်ကြီးကို မော့ကြည့်ကာ ပြုံးလိုက်လေသည်။
ထောက် - “ အင်္ဂလိပ်တစ်ယောက်တောင် သေဖူးတယ်
ဆိုပါလား”
ဘိုး - “သေအောင်ခြောက်တယ်ဆိုတာ အဲဒီ အင်္ဂလိပ်
ကြီးကိုပြောတာပေါ့ ဝန်ထောက်ကြီးရဲ့ ဒီအရင်တုန်းက
ခြောက်တယ်ဆိုပေမဲ့ တစ်ခါတစ်ရံမှခြောက်တာ အဲဒီ
အင်္ဂလိပ်ကြီးသေပြီးကတည်းက ဆက်တိုက်ခြောက်နေတော့တာပါပဲ။ သေတာကတော့ ဒီတစ်ယောက်ပါပဲ
တခြားလူတွေ အခြောက်ခံရရုံ ခံကြရတာပါ”
ထောက် - “အဲဒီ့ အင်္ဂလိပ်ကြီးသေလောက်အောင်
အခြောက်ခံရပုံကို ခင်ဗျားတို့သိကြမှာပေါ့”
ဘိုး – “ဟာ သိရုံဘယ်ကမလဲ ဝန်ထောက်မင်းရယ်...
အဲဒီညက ကျွန်တော်ကိုယ်တိုင်း ဒီဘိုတဲမှာ ရှိတာပဲ။
ဒီလိုဒီလို ကျွန်တော်တို့ရွာထဲ ဆင်ရိုင်းနှစ်ကောင်ဝင်မွှေတဲ့
နှစ်ကဆိုတော့ ရှစ်နှစ်-ကိုးနှစ်လောက်တော့ရှိရောပေါ့
နော်ဗျာ”ဟု အဘိုးကြီး များဘက်သို့ လှည့်၍ပြောလိုက်
ပြီးလျှင်..
“ကျွန်တော်တို့ ရွာကလူတွေ အင်္ဂလိပ်ဆိုတာ ကြား
ရုံ ကြားဖူးတာပါ သေသေချာချာ မြင်ဖူးကြတာမဟုတ်
ဘူး၊ အဲဒီနှစ်က အသားနီစပ်စပ် အရပ်ကလည်း အမြင့်ကြီး
နှာခေါင်းကြီးကလည်း ချွန်လိုက်တာ လွန်ရော၊ မျက်တွင်း
ချိုင့်ချိုင့် မျက်ထောက်နီနီ မျက်ဆံကလည်း အမည်းမပါ
ဘူး အဖြူချည်းပဲ။ ခေါင်းကြီးကလည်း ပြောင်လို့၊ အဲဒါ
အင်္ဂလိပ် အစိုးရကြီးတစ်ယောက်ဟာ ( ကျွန်ုပ်တို့က
ပြုံးကြ၏) နောက်လိုက်တောအုပ်တောခေါင်းလေးငါး
ယောက်နဲ့ ဆင်တွေနဲ့ ကွင်းဆင်းရင်း ဒီဘိုတဲကိုရောက်လာ
တယ်၊ သူ့ရုပ်ကြီးက ကြောက်စရာကောင်းလေတော့
စကားပြောဝံ့ဖို့ နေနေသာသာ သူ့မျက်နှာကို စေ့စေ့တောင်
မကြည့်ဝံ့ကြပါဘူး၊ အဲဒီတုန်းက ဒီဘိုတဲဟာ ခြောက်
တယ်လို့ နာမည်ကြီးပေမဲ့ အခုလိုဟုတ်တိပတ်တိ မခြောက်
ဖူးသေးလေတော့ ဘယ်သူကမှ သတိမပေးပါဘူး၊ အမှုမဲ့
အမှတ်မဲ့နေကြတာပဲ၊ ကျွန်တော်ကလည်း နှုတ်နည်း
နည်းသွက် လျှာသွက်နေလေတော့ အသိဖြစ်တဲ့
တောအုပ်တစ်ယောက်က ဒီနေ့ည သူတို့နဲ့ အပျင်းပြေ
စကားပြောရင်းအိပ်ပါဆိုတာနဲ့ ဟောဟိုပျက်နေတဲ့
ထမင်းချက်တန်းလျားကလေး အခန်းထဲမှာ အတူတူ
အိပ်ကြတာပေါ့၊ ဘိုတဲပေါ်မှာတော့ အဲဒီ အင်္ဂလိပ်ကြီးဟာ
ညဦးကတည်းက ဟောဒီစားပွဲကြီးဘေးမှာ ပက်လက်
ကုလားထိုင်တစ်လုံးနဲ့ စာဖတ်နေတာကို ကျွန်တော်တို့
အိပ်မပျော်ခင်လှမ်းမြင်လိုက်ရပါသေးတယ်၊ ဓာတ်မီးကြီး
ကလည်း လင်းလိုက်တာထိန်လို့၊ စားပွဲကြီးပေါ်မှာ တင်
ထားတယ်၊ ဒါနဲ့ကျွန်တော်တစ်ရေးနိုးတော့၊ ဓာတ်မီးရောင်
မြင်သေးတာနဲ့ လှမ်းကြည့်တော့ အင်္ဂလိပ်ကြီးက စာဖတ်
နေတုန်းရှိသေးတာ၊ ဘိုတဲပေါ်က သံသေးသံကြောင်တွေ
အလန့်တကြားနဲ့ အော်သံကြားတာနဲ့ အကုန်လုံးလိုလို
နိုးပြီး ထကြည့်တော့ အင်္ဂလိပ်ကြီးဟာ ပါးစပ်က ဟေး
ဟေး.. ဟားဟားနဲ့ အော်ရင်း ဘိုတဲရှေ့ခန်းမှာ လှည့်
ပတ်ပြီးပြေးနေတာကို တွေ့ရတယ်၊ ဒါနဲ့တောအုပ်ကြီး
ရှေ့ကခေါင်းဆောင်ပြီး ကျွန်တော်တို့ကို ပြူးတူးကြောင်
တောင်နဲ့ကြည့်ပြီး အိပ်ရာထဲဝင်ပြေး သေနတ်ကို လှမ်းဆွဲ
လေတော့၊ တောအုပ်ကြီးက အတင်းခုန်အုပ်ပြီး ဝိုင်းချုပ်
လိုက်တော့မှ ငြိမ်သွားလေတော့တယ်၊ နို့ပေမဲ့ နဂိုကမှ
ကြောက်စရာကောင်းတဲ့မျက်နှာကြီးဟာ... ပြူးတူးကြောင်
တောင်နဲ့ တောင်ကြည့်.. မြောက်ကြည့်ရင်း၊ ပါးစပ်ထဲ
ကလည်း အမြှုပ်တစီတစီထွက်ကာ တဟောဟောတဟဲဟဲနဲ့ မောနေတော့တယ်၊ ဒါနဲအင်္ဂလိပ်ကြီးဟာ...
နောက်တစ်နေ့ အပြင်းဖျား၊ ပါးစပ်ကလည်း အမြှုပ်တွေ
တစီစီထွက်နဲ့ သုံးရက်ကြာတော့ အခြေအနေ မကောင်း
တာနဲ့ ဆင်နဲ့မြို့ကိုပို့မယ်လို့ ပြင်ဆင်နေတုန်း အသက်
ပျောက်သွားရှာတယ်။
“ဟောဟိုနားကတောစပ်မှာပေါ့။ အင်္ဂလိပ်ကြီး
အလောင်းမြှုပ်ထားတာ အရင်တုန်းကတော့ လက်ဝါးကပ်
တိုင်ဆိုလား ကန့်လန့် ရိုက်ပြီးစိုက်ထားတဲ့ တိုင်တစ်တိုင်
ရှိတယ်။ အခုတော့ နှစ်ကြာတာနဲ့ မရှိတော့ပါဘူး”
ထောက် “နို့ဗျာ ဒါလောက် ခြောက်တဲ့နေရာမှာ
ဘိုတဲစောင့်ကြီးကတော့ ဘာဖြစ်လို့ ဘဲတွေ ကြက်တွေ
မွေးထားရတာလဲ”
စောင့် … “ ဒါတွေကတော့ ကုသိုလ်ဖြစ်ပဲ ဝန်ထောက်
မင်းရေ .. တောအုပ်ခေါင်းတွေလာလည်း အဆင်သင့်
ရအောင်လို့ တမင်မွေးထားတယ်လည်း မဟုတ်ပါဘူး၊
ဘဲတစ်မအုပ်၊ ကြက်တစ်မအုပ် လာထားတာ သူတို့ဟာ
သူတို့ ပေါက်ပွားနေကြတာပါ၊ ကျွန်တော်လည်းလာ
ထားတာ နှစ်လလောက်သာ ရှိပါလိမ့်ဦးမယ်”
ထောက် – “ဒီ့ပြင်ရော ဘယ်သူများ ဘယ်လို ခြောက်ခံ
ကြရဖူးသေးသလဲ "
ထိုအခါ အဘိုးကြီးများက မကြာခဏဆိုသလို ည
အချိန်များတွင် ဤဘိုတဲဆီမှ ဒုန်းဒုန်းဒိုင်းဒိုင်း အသံးများကို
ရွာသားများထဲမှ မကြားဖူးသူဟူ၍ မရှိကြောင်း၊တခါတုန်းကရွာသားတစ်ယောက်သည် နေဝင်စသာသာအချိန်
တွင် ဤဘိုတဲမှ ဖြတ်၍ နွားများကို မောင်းလာမိရာ ကျော
ကိုလက်ဝါးနှင့် ရိုက်လိုက်ဖူးကြောင်း၊ ယခင်နှစ်က ဟန်
ကြီးပန်ကြီး လုပ်တတ်သော မြန်မာအရာရှိ တစ်ယောက်
သည် မိမိတိုစေတနာနှင့် သတိပေးသည်ကိုပင် မာန်မဲ
လွှတ်လိုက်ပြီးလျှင် ညသန်းခေါင်လောက်တွင်မူကား၊
သရဲကမည်သို့ခြောက်သည်မသိ ညတွင်းချင်းပင် ရွာထဲသို့
ပြောင်းရွှေ့လာဖူးကြောင်း စသည်တို့ကို ပြောပြကြလေ
သည်။ သရဲခြောက်ပုံအကြောင်းများကိုပြောနေစဉ်တွင်၊
အဘိုးကြီးများသည် ကြောက်လန့်သည့်လက္ခဏာဖြင့်
ခေါင်မိုးဆီသို့လည်းကောင်း၊ ထောင့်ကြိုထောင့်ကြား
အခန်းများဆီသို့လည်းကောင်း၊ မကြာမကြာ လှမ်း၍
ကြည့်ကြသည်ကိုသတိပြုမိလေသည်။ ထို့နောက် ဝန်
ထောက်ကြီး သည်ကျွန်ုပ်ဘက်သို့လှည့်၍....
“ ဘယ်နှယ့်လဲဟေ့...မောင်သိန်းဖေ...စောစောက
ပြောတာ အိပ်ဝံ့ပါ့မလား..
နုပ် - “စိန်လိုက်ပါဝန်ထောက်မင်း”
ထောက် - “ကဲ...ဒီလူတွေအားလုံး ညနေစားသောက်
ပြီးရင် ရွာထဲသွားအိပ်ချင်အိပ်နိုင်တယ်... မင်းတို့တွေနေဖို့
နေရာ ဒီကဘကြီးက ပေးပါလိမ့်မယ်။ ငါနဲ့မောင်သိန်းဖေ
တော့ဒီနေ့ည သရဲသားပေါ်မလို့ ဘိုတဲမှာပဲ အိပ်မှာပဲ။
အဲဒါမင်းတို့သဘောပဲ ဘယ်သူ့ကိုမှ မတိုက်တွန်းဘူး” :
ဟုပြောလေရာ အဘိုးကြီးအားလုံး ဘိုတဲမှာမအိပ်ဖို့
အကြောင်း၊ ရွာထဲမှာနေရာထိုင်ခင်း ကျယ်ဝန်းပါကြောင်း၊
အားနာစရာမရှိပါကြောင်းနှင့်အတင်းဖျက်ရုံမက ကျွန်ုပ်တို့
အပေါ်တွင် မေတ္တာရှေးရှု၍ပြောကြသောကြောင့် ပစ္စည်း
များကိုပင် အတင်းသယ်ယူရွှေ့ပြောင်းရန် ဟန်ပြင်ကြ
လေရာ နောက်ဆုံးတွင်“ကျွန်ုပ်တို့အတွက်ဘာမှ မစိုးရိမ်ကြ
ပါနဲ့။ ဤဘိုတဲတွင် သရဲခြောက်သည့်အကြောင်းကို ကျွန်ုပ်
တို့ အစကတည်းက သိပြီးဖြစ်ကြောင်း အစိုးရသည်
ဘိုတဲကြီးတစ်ခုကို ငွေကြေးကုန်ကျခံ ဆောက်ထားပြီးမှ
ဒီလိုဘဲပိတ်ထားတော့မှာလား။ ကျွန်တော်တို့မှာ သရဲကို
နှိမ်နှင်းရန် ဆေးဝါးကောင်းများပါကြောင်း၊ သို့ဖြစ်၍
တစ်စုံတစ်ရာစိုးရိမ်စရာမရှိပါ။ သို့ရာတွင်ကျွန်တော်တို့
သည် ယနေ့ညသရဲကိုစောင့်မည်။ အကယ်၍သရဲကို -
မတွေ့ ခဲ့လျှင် ဘကြီးတို့အလိုအတိုင်း ရွာထဲသို့ရွှေ့ပါမည်။
သို့သော် မလိုလဲလိုလဲ မီးတုတ်များကိုကား အဆင်သင့်လုပ်ထားကြစေလိုပါသည်။ အကယ်၍ ညအချိန်တွင်
ကျွန်တော်တို့ ဆီကများ သေနတ်သံဆင့်ကဲ ဆင့်ကဲကြား
လို့ ရှိရင်... မီးတုတ်များနှင့် ကျွန်တော်တို့ဆီ လာကြရန်
အကြောင်း” စသည်ဖြင့် ရုတ်တရက်ထိုးဇာတ်လည်းခင်း၊
လိုလိုမည်မည် ရှေ့ရေးကိုလည်း စီစဉ်၍ပြောလိုက်ရာ
အဘိုးကြီးများမှာ တစ်ယောက်တစ်ခွန်း ဆူဆူညံညံ
ပြောရင်း ပြန်သွားကြလေသည်။
ညနေပိုင်းတွင် ကျွန်ုပ်တို့မှာ အဖော်တစ်စုံတစ်
ယောက် တိုးလာတန်ကောင်း၏ဟု မျှော်လင့်သော်လည်း
ထမင်း၊ ဟင်းစားသောက်ပြီးသည်နှင့်တစ်ပြိုင်နက် ထမင်း
ချက်နှင့် စားပွဲထိုးများမှာ ဓာတ်မီးကို ဆီအပြည့်ထည့်၍
ပြင်ဆင်ခြင်း၊ အိပ်ယာများကိုခင်းကျင်းပြင်ဆင်ပေးခြင်းများ
ပြုလုပ်ပြီးနောက် အသီးသီးထွက်ခွာသွားကြရာ မူလက
ဘိုတဲနားမှာပင် စခန်းချရန်ပြင်ဆင်ထားသော ဆင်သမား
များပင်လျှင် ဆင်ကြီးကွေကိုပါဆွဲ၍ တစ်နေရာသို့
ရွှေ့ပြောင်းသွား ကြလေသည်။
ဝန်ထောက်ကြီး၏ အိပ်ရာမှာ အခန်းထဲရှိ ဘိုတဲ
ခုတင်ပေါ်တွင် ပြင်ထားရာ ကျွန်ုပ်၏ ကင်းကော့အိပ်ရာကို
လည်း တိုအခန်းထဲမှာပင် နံရံတစ်ဘက်ကပ်၍ပြင်ဆင်
လိုက်သည်။ ထို့နောက် ကျွန်ုပ်တို့သည် သေနတ်များကို
အဆင်သင့်ပြင်ဆင်ခြင်း၊ လက်နှိပ်ဓာတ်မီးနှစ်ခုကို ထပ်မံ
စမ်းသပ်၍ အဆင်သင့်ထားခြင်း၊ ဘိုတဲ၏ အဝင်အထွက်
အပေါက်များကို ကြည့်ရှုခြင်း၊ သေတ္တာကြီးထဲမှ စာအုပ်
များကိုထုတ်၍ အိပ်ရာဘေးတွင်ထားခြင်း စသည်ဖြင့်
အလုပ်ရှုပ်နေကြလေရာ၊ စိတ်ကူးထဲတွင်သာတည်ရှိသော
ရန်သူတယောက်အတွက် ဤမျှ သတိထားပြင်ဆင်နေ
ကြခြင်းကြောင့်၊ ဝန်ထောက်ကြီးနှင့် မျက်နှာချင်းဆိုင်မိ
လိုက်သောအခါတွင် နှစ်ယောက်စလုံး ရှက်ရယ်ကလေး
ရယ်လိုက်မိကြသည်။
ထောက် - “တို့ဟာလည်း ရူးခြင်းတစ်မျိုးပဲနော်”
နုပ် - “ရူးတယ်ဘယ်ဟုတ်မလဲ ဝန်ထောက်မင်းရယ်
ယောက်ျားဆိုတာ ကိုယ့်ကိုယ်ကို သတ္တိရှိတယ် ထင်ကြတဲ့
လူချည့်ပဲ၊ တကယ်သတ္တိရှိမရှိဆိုတာကိုတော့ သဘာဝ
အတိုင်းမတွေ့ ရင် အခုလို တစ်ခါတလေ စမ်းကြည့်ရတယ်
ထင်တာပဲ၊ သတ္တိမွေးနည်းတစ်မျိုးပေါ့လေ”
ထောက်“တို့ကနေ့ည ဘယ်လိုစီစဉ်ကြမလဲဟေ့တစ်ယောက်တစ်လှည့် စောင့်အိပ်မလား ဒီလိုပဲနေမလား”
နုပ် – “ ဝန်ထောက်မင်းတော့ အိပ်ချင်တဲ့ အချိန်အိပ်လေ၊
ကျွန်တော်တော့ တစ်ညလုံးမီးထွန်းပြီး စာဖတ်မှာပဲ...”
ထောက် - “ဘယ်လိုအကောင်များလာမှာပါလိမ့်”
နုပ် - “လာချင်တဲ့အကောင်လာ ဖြစ်ချင်သလို ဖြစ်
ပေါ့လေ”
ထောက် – “မင်းစိတ်ထဲမှာ ဒီနေ့ညသရဲလာလိမ့်မယ်လို့
များ ထင်သလား"
နုပ် - “တယ်ပြီးမယုံလို့ထင်လည်း မထင်ဘူး၊ အပြော
ကြီးတဲ့နေရာမို့ထင်လည်း ထင်တာပဲ၊ နို့ပေမဲ့ ဘာပဲဖြစ်ရ
ဖြစ်ရ တကယ်တော့ လာစေချင်တာပဲ၊ ဘာဖြစ်လို့လဲ
ဆိုတော့ ကျွန်တော်ကသရဲဆိုတဲ့ အကောင်မျိုးကို မြင်ဖူး
ချင်တာကိုး ကျွန်တော်တို့ကသာ မသိတာ သရဲကတော့
ခုလောက်ရှိ ရောက်ချင်ရောက်နေပြီလား မပြောတတ်ဘူး”
ထိုအခါ ဝန်ထောက်ကြီးသည် ဘိုတဲခေါင်မိုးဆီသို့
တစ်ချက်မော့ကြည့်လိုက်ရာ ကျွန်ုပ်က ပြုံးလိုက်လေ
သည်။
ထောက် - “ငါ့လူတော်တယ်ဟေ့၊ ငါက မင်းနဲ့ တစ်ည
လုံး အဖော်လုပ်နေရမဲ့လူဆိုတော့ မင့်အကြောင်းသိဖို့
အရေးကြီးတယ်၊ ဒါကြောင့်မို့ မင်းဟန်များပျက်နေမလား
လို့ သွေးတိုးစမ်းလိုက်တာ..ချွန်ခနဲဆို ကိုယ့်တပ်ကိုယ်ပြန်
နှင်းနေမဲ့လူဆိုရင်လည်း စောစောကဖျက်သင့်ဖျက်ရအောင်
စမ်းကြည့်တာပါကွာ၊ ငါက မင်းသရဲဆိုတဲ့အကောင်
လာခါမှလာရော အခုတော့ လက်တွေ့ မရှိသေးလို့ ယုံကို
မယုံဘူးကွ၊ ဒီလိုနေရာမပြောနဲ့ အစိမ်းသရဲတွေပေါတတ်
တယ်ဆိုတဲ့ ပုလိပ်ရောဂါတွေ ဖြစ်နေတုန်းက သင်္ချိုင်းထဲမှာ
သရဲနဲ့တွေ့ ချင်လွန်းလို့ သုံးညတိတိ သွားအိပ်ဖူးတဲ့ကောင်
ဘာတစ်ကောင်တစ်မြီးမှ မတွေ့ခဲ့ဘူး”
သို့နှင့်စကားပြောရင်းပင် မှောင်စပြုလာပြီဖြစ်၍
ဓာတ်မီးထွန်းခြင်း၊ အနည်းငယ်ချမ်းသဖြင့် ဓာတ်မီးဖိုနှင့်
ရေနွေးအိုးတည်ပြီးလျှင် ကော်ဖီများဖျော်သောက်ခြင်းတို့
ပြုလုပ်ပြီးနောက် အိပ်ရာထဲဝင်ကာ တစ်ယောက်စာအုပ်
တစ်အုပ်စီကိုင်၍ စာဖတ်နေကြလေသည်။
ခပ်စောစောအချိန်တွင် ရွာဆီမှ မိန်းမတယောက်၏
သီချင်းသံသဲ့သဲ့ကို ကြားရ၏။ ထို့နောက် ကိုးနာရီလောက်
တွင်ကျွန်ုပ်သည် ထုံးစံအတိုင်း ဘုရားရှိခိုးပြီးနောက်
ဝန်ထောက်ကြီးသို့လှမ်းကြည့်လိုက်ရာ ဝန်ထောက်က
လည်း ကျွန်ုပ်ကိုအကြည့်နှင့် ဆုံလေသည်။
ထောက် - “ဘုရားရှိခိုးတာတော့ ကောင်းပါရဲ့၊ သရဲများ
ဟာ ဘုရားတရားသံကြားရင် မကပ်ဝံ့ဘူးလိုလိုပြောသံ
ကြားဖူးပါကလား”
နုပ် - “ကျွန်တော်ကြားဖူးတာကတော့ တချို့ သရဲများ
ဟာ ကမ္မဝါတောင်တတ်သတဲ့”
ထိုအချိန်မှာ အလွန်တိတ်ဆိတ်လေရာ ပုရစ်သံ
ကလေးများနှင့် တစ်ခါတစ်ရံ သစ်ရွက်များကို တရှဲရှဲနှင့်
လေတိုးသံတို့ကိုသာ ကြားရလေသည်။ စကားပြောပြီး
သည်နှင့် မရှေးမနှောင်းပင်လျှင် ခန့်မှန်းခြေအားဖြင့်
မိုင်ဝက်ခန့် ကွာသောတောဆီမှ ဘုတ်ခနဲ၊ ဘုတ်ခနဲ
မြေကြီးကို သစ်တုံးတခုနှင့် ဆောင့်သလို အသံမျိုးကို
ကြားရလေရာ၊ နှစ်ယောက်စလုံး ခေါင်းထောင်ပြီးလျှင်
ထိုအသံကိုနားစွင့်လိုက်ကြသည်။ ထိုအသံကြီးများမှာ
ပျောက်၍မသွားဘဲ မှန်မှန်ဆက်၍ ကြားနေရပြီးလျှင်
တစ်ခါတစ်ရံ သစ်ပင်များကို တိုးဝှေ့လိုက်သည့် ရှဲကနဲ
ရှဲကနဲ အသံမျိုးပင် တိုး၍လာပြန်ရာ ကျွန်ုပ်တို့သည် တစ်
ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြလေသည်။
ထိုအသံများသည် ပျောက်၍မသွားဘဲ တစ်ချက်ထက်
တစ်ချက် ကျွန်ုပ်တို့ဆီသို့ နီးကပ်လာသည် ဖြစ်ရာ ကျွန်ုပ်
သည် အိပ်ရာမှ သေနတ်ကိုဆွဲယူလိုက်ပြီးလျှင် ထိုင်လိုက်
လေသည်။ လက္ခဏာအားဖြင့် ဘုတ်ခနဲ ဘုတ်ခနဲ မြည်
သော အသံမှာ ခြေနင်းသံဖြစ်ဟန်တူ၍ ရှဲကနဲ ရှဲကနဲအသံ
များမှာ သစ်ပင်များကို တိုးဝှေ့ဖယ်ရှားသည့်အသံ ဖြစ်ဟန်
တူပေသည်။
ထောက် ဣနြေ္ဒမပျက် ဆေးတံကို အေးအေးဆေး
ဆေးမီးညှိရင်း “ လာပြီထင်တယ်ဟေ့.. မင့်အကောင်
နုပ် - “အမယ် သူတို့လည်း သေသတဲ့ ဝန်ထောက်မင်း
ရဲ့ ။ သူတို့သေရင် ကင်းလိပ်ချောတို့ ပုတ်သင်ညိုတို့ ဖြစ်
ကုန်တယ်ဆိုလား”
ထောက် - “မင်းပြောသလိုဖြင့် ကင်းလိပ်ချောတွေဟာ
သရဲတွေချည်းပဲပေါ့။ နားထောင်စမ်းဟေ့ နီးသထက် နီး
လာပြီ၊ ဟော-တောစပ်နားတောင်ရောက်လာပြီထင်တယ်”
နုပ် - “ကျွန်တော်တို့ ဝရံကာထွက်စောင်းရရင်မကောင်းဘူးလား
”ထောက် – “မင်းသေနတ်မြင်လို့ ပြန်လှည့်ဆောင့် သွားပါ
ဦးမယ်ကွာ၊ အပေါ်တက်လာမှ ထွက်ဆော်လိုက်တာပေါ့..
ဘယ်လိုအကောင်မြင်ရမြင်ရ မကြောက်နဲ့နော်”
နုပ် - “အို.. ဝေးပါသေး.. ဝန်ထောက်မင်းရယ်”
အသံကြီးများသည် ပြောရင်းနှင့်ပင် ဘိုတဲအနီးသို့
ရောက်လာပြီဖြစ်ရာ ကျွန်ုပ်တို့သည် အပေါက်ဝသို့ ချဉ်း
ကပ်ကြပြီးလျှင် သေနတ်များကို အဆင်သင့်ပြင်ပြီးဖြစ်ကြ
သည်။ အသံကိုထောက်ချင့်ခြင်းအားဖြင့် အသံရှင် သတ္တဝါ
မှာ အတော်ကြီးကျယ်လိမ့်မည်ဟု ခန့်မှန်းကြရလေရာ
ကျွန်ုပ်တို့သည် အသံကြားရာဘက်သို့ ကြိုးစား၍ ကြည့်
ကြသော်လည်း မှောင်ကလည်းမှောင်၊ သစ်ပင်အုပ်ကြီးများ
လည်း ဖြစ်သဖြင့် အသံကြားနေရုံမှတစ်ပါး အကောင်အ
ထည်ကိုကား တစ်စွန်းတစ်စမျှ မတွေ့ မမြင်ကြရပေ။
နုပ် - “ဓာတ်မီးကို ရှေ့စားပွဲပေါ်ရွှေ့တင်လိုက်ရင်
မကောင်းဘူးလား ဝန်ထောက်မင်း ….”
ထောက် - “ မင်းအကောင်ပြန်ပြေးမလားလို့ သရဲဆိုတာ
မှောင်မှ ခြောက်တာကွ၊ ကြည့်ပါလား နေ့ခင်းများ ဘယ်
မှာ ခြောက်တယ်ကြားဖူးတုန်း..”
နှပ် – “ညကြီးပဲဗျာ လာမဲ့အကောင် လာမှာပဲ ကျွန်တော်
က ကြည့်ချင်လှပြီဗျ..”
ထောက် – “ဒါဖြင့်လည်း မင့်သဘော”
ထိုအချိန်၌ အသံကြီးမှာ ကျွန်းပင်ကြီးသုံးပင်အနီး
သို့ ရောက်ခဲ့ပြီဖြစ်သည်။ ကျွန်ုပ်သည် လျင်မြန်စွာ ဓာတ်မီး
ကို ယူ၍ စားပွဲကြီးပေါ်သို့ တင်လိုက်သောအခါ ကျွန်းပင်
သုံးပင်နှင့်တကွ ဘိုတဲရှေ့တစ်ခုလုံးမှာ လင်းထိန်သွားလေ
သည်။ ထိုအခိုက်အတန့်မှာပင် ကျွန်းပင်ကြီးများကို
လက်နှင့်သပ်လိုက်သလို တဗြောင်းဖြောင်းလှုပ်ရှား၍ သွား
သည်ကို မြင်လိုက်ရပြီး ဘိုတဲတခုလုံးမှာ ငလျင်လှုပ်သလို
တုန်၍ သွားသော်လည်း မည်သည့်အကောင်အထည်ကိုမျှ
မတွေ့မြင်ရချေ။
ထို့နောက် ခြေသံလို အသံကိုလည်း မကြားရ။
မည်သည့်အသံမှလည်း မကြားရဘဲ ငြိမ်သက်၍နေရာ
အတန်ကြာမှခပ်ဝေးဝေးဆီမှ ထိုအသံမျိုးကို ကြားရလေ
ရာ အသံမှာ တစ်ချက်ထက်တစ်ချက်ဝေး၍ သွားသဖြင့်၊
လက္ခဏာအားဖြင့် ပြန်သွားဟန်တူလေသည်။
ထောက် – “ကဲ ငါမပြောဘူးလား၊ မင်းလောတာနဲ့ ဘာမှ
တောင်မတွေ့လိုက်ရဘူးမဟုတ်လား”
နုပ် - “သေနတ်နဲ့လှမ်းပစ်လိုက်ရ မကောင်းဘူးလား
ဝန်ထောက်မင်း”
ထောက် – “လုပ်မနေပါနဲ့ကွာ၊ ထိမှာလည်း မဟုတ်ဘဲနဲ့
ရွာထဲကလူတွေ ထလာကုန်ပါဦးမယ်”
နုပ် – “စောင့်မယ် ဝန်ထောက်မင်း တစ်ညလုံးစောင့်မယ်။
ဒီအကောင်တစ်ခါလာရင် နောက်တစ်ခါလည်း လာဦးမှာ
ပဲ ဝန်ထောက်မင်းသာ အိပ်ချင်ရင် အိပ်ပေတော့၊ ကျွန်
တော့်အတွက်တော့ စိတ်သာချ”
ထို့နောက် ကျွန်ုပ်တို့သည် ဆက်လက်၍စောင့်စား
နေကြသော်လည်း မည်သည့်ထူးခြားချက် တစ်စုံတစ်ရာမျှ
ဖြစ်ပေါ်၍မလာတော့ပေ။ နာရီပြန်နှစ်ချက်လောက် အချိန်
တွင်ကား ဝန်ထောက်ကြီးသည် အိပ်ပျော်သွားဟန် လက္ခ
ဏာရှိပေသည်။ ကျွန်ုပ်သည် တစ်စုံတစ်ရာဖြစ်လာနိုးနိုး
နှင့်ဆက်လက်စောင့်စားနေသေးသော်လည်း လေးနာရီ
လောက်တွင်မူကား တောင့်၍မထားနိုင်တော့ဘဲ၊ အိပ်ပျော်
၍သွားလေတော့သည်။
နောက်တစ်နေ့တွင် တောအုပ်ကြီးနှင့်တကွ အဘိုး
ကြီးများက “ညက တစ်စုံတစ်ရာအကြောင်းထူးရှိပါ
သလား” ဟု လာရောက်မေးမြန်းကြရာ ကျွန်ုပ်တို့က
ညကအသံအကြောင်းကို ဖွင့်၍ပြောလိုက်လျှင် ထိုနေ့ည
မအိပ်ဖိုရန် ကန့်ကွက်နေကြမည်စိုးသောကြောင့် ၊
မည်သည့်အနှောင့် အယှက်မရှိ၊ ချိုးချိုးချွတ်ချွတ်အသံ
တောင် မကြားရကြောင်း၊ ကျွန်ုပ်တို့ကလည်း မည်သူ့ကိုမှ
ဂရုစိုက်၍မနေ၊ အိပ်ချိန်တန်သောအခါ စိတ်ချလက်ချပင်
အိပ်ကြကြောင်း ဖြင့် လည်ဆယ်၍ ပြောလိုက်သည်တွင်
ယင်းသို့ပြောသည်ကိုပင် မသင်္ကာသည့်မျက်နှာများဖြင့်
ကျွန်ုပ်တို့ကို ကြည့်ကြသေးသည်။ ကျွန်ုပ်သည်ညက
မမြင်ရသော သတ္တဝါကြီး၏ ခြေရာတစ်စုံတစ်ခုတွေ့တန်
ကောင်း၏ဟု ကျွန်းသုံးပင်နားတစ်ဝိုက်တွင် မယောင်
မလည်ဖြင့် ရှာဖွေကြည့်သော်လည်း မြက်ပင်များထူထပ်
သောကြောင့် မည်သည့်ခြေရာကိုမှ မတွေ့ မမြင်ရပေ။
သို့နှင့် ကျွန်ုပ်တို့သည် ထိုနေ့အဖို့ ဝတ္တရားအတိုင်း
အလုပ်ဆင်းကြလေရာ ညကအိပ်ပျက် နေ့လယ်တွင်
လည်း အနည်းငယ်မျှ မအိပ်ရ၊ အလုပ်ကလည်း ပန်းသ
ဖြင့်၊ ထိုနေ့ညအဖို့မှာကား ခပ်စောစော ညဦးပိုင်းက ပင်
တစ်ယောက်တစ်လဲစီ သမ်းဝေ၍ နေကြလေသည်။
ထောက် - “ ငါတော့ အိပ်ချင်လာပြီဟေ့၊ မနေ ညက
လောက် နေနိုင်မှာမဟုတ်ဘူး”
နုပ် - “ကျွန်တော်လည်း အိပ်ချင်နေတာဘဲ၊ နို့ပေမဲ့ ဝန်
ထောက်မင်းအိပ်ချင်အိပ်ပါ။ ကျွန်တော်တော့ ၁၂နာရီ
မထိုးမချင်း တောင့်ထားဦးမှာပဲ...”
ထောက် - “မီးမှိတ်ထားရင် မကောင်းဘူးလားဟေ့ မနေ့
ညက မင့်အကောင်ကြီးဟာ မီးရောင်ကြောင့် မလာတာ
ထင်တယ်”
-
နုပ် - “ ဟုတ်ကဲ့ ကျွန်တော်မှိတ်လိုက်ပါ့မယ်”
ထောက် - “လက်နှိပ်ဓာတ်မီးကိုလည်း အလွယ်တကူ
ထားဦးနော်၊ တော်တော်ကြာ အရေးထဲကျမှ လျှောက်စမ်း
နေရဦးမယ်”
နုပ် - “အဆင်သင့်ပါပဲ ဝန်ထောက်မင်း”
ထို့နောက် ဝန်ထောက်ကြီးသည် အိပ်ရန်မီးရောင်
ကွယ်သည့်ဘက်သို့လှည့်ကာ စောင်ခြုံလိုက်သည်။ မနေ့
ညက ထိုသတ္တဝါကြီးသည် ၁၂-နာရီအတွင်းလာသော
ကြောင့် ယနေ့ညလည်း ထိုအချိန်တွင်ပင် လာလိမ့်မည်ဟု
မျှော်လင့်သဖြင့် ၁၂-နာရီမထိုးမီမူကား မအိပ်ဘဲ တောင့်
ထားမည်ဟု အားခဲထားသော်လည်း နဂိုကအိပ်ချင်သည့်
အပေါ်တွင် မှောင်ကလည်းကျနေသောကြောင့် ဘယ်အချိန်
လစ်သွားသည်မသိ အိပ်ပျော်၍သွားလေတော့သည်။
မည်မျှ အိပ်ပျော်သွား၍ မည်သည့်အချိန်လောက်ရှိ
ပြီမသိ ဝန်ထောက်ကြီး၏အသံအုပ်ဖြင့် “မောင်သိန်းဖေ
မောင်သိန်းဖေ” ဟုခေါ်သံကြားသဖြင့် နိုးလာသောအခါ
တွင်ကား ဘိုတဲကြီးမှာ တစ်စုံတစ်ယောက်က ကိုင်လှုပ်နေ
သလို မှန်မှန်ကြီးလှုပ်လိုက်၊ ရပ်လိုက် ဖြစ်နေလေသည်။
လှုပ်လိုက်တိုင်း သက်ပြင်းချသံလိုလို ညည်းသံလိုလို
တဟီးဟီးနှင့်အသံဟိန်းကြီးတစ်ခုကို ကြားရသည်။ သို့ရာ …
တွင် ထိုအသံသည် ဘိုတဲ၏အနီးဆုံးနေရာတစ်ခုမှ ဖြစ်
သည်ကို သိသော်လည်း မည်သည့်နေရာက လာကြောင်း
ကိုကား မခန့် မှန်းနိုင်ပေ။
ထောက် - “ဘယ်နားက အသံလဲဟေ့
နုပ် - “ကျွန်တော်လည်း စဉ်းစားနေတာပဲ”
ထောက် - “ထဟေ့ ခေါင်းရင်းကတံခါးဖွင့်၊ ဓာတ်မီးနဲ့
လျှောက်ထိုးကြည့်စမ်း
ပြောသည့်အတိုင်းကြည့်ကြရာ မည်သည်ကိုမှမတွေ့ရပေ။ ရှေ့ခန်းဘက်ကို ထွက်သောအပေါက်မှတံခါးကြီးကိုဖွင့်၍ ပြိုင်တူလိုလို ဓာတ်မီးများနှင့် ထိုးလိုက်သောအခါတွင်မူကား ကျွန်ုပ်တို့မှာ ကြောင်၍ကြည့်ပြီးလျှင် အံ့အားသင့်နေမိကြလေသည်။
အကြောင်းမူကား ဘဲဥပုံစားပွဲကြီးပေါ်တွင် စားပွဲနှင့်
အပြည့်အမွေးအမျှင်များ ကျိုးတိုးကျဲတဲနှင့် ကျွဲလိုလို ဆင်
လိုလို သတ္တဝါကြီးတစ်ကောင်သည် ကျွန်ုပ်တို့ဘက်သို့
ကျောခိုင်းကာစိတ်ရှိလက်ရှိ အိပ်ပျော်နေဟန် လက္ခဏာ
ရှိပေသည်။ ထိုသတ္တဝါကြီးက အသက်ရှူလိုက်တိုင်း ရှူ
လိုက်တိုင်း ဗိုက်ကြီးမှာ ဖောင်းပွသွားပြီးလျှင် ဘိုတဲမှာ
လည်း တုန်လှုပ်၍ သွားရလေသည်။ ထိုသတ္တဝါကြီးမှာ
သရဲဆိုသူပင်ဖြစ်စေဦးတော့ အတော်ပင်အအိပ်စုံမက်ဟန်
လက္ခဏာရှိပေသည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်တို့
ကဓာတ်မီးများနှင့် ဝိုင်းထိုးထားသည်အထိ မနိုးသေးပေ။
သို့မဟုတ် စဉ်းစားဖွယ်ရှိသည်မှာ ဤသရဲဆိုသူ
သည် နေ့လယ်နေ့ခင်းတွင် ဘိုတဲမှာမနေဘဲ ညညမှ ဘိုတဲ
သို့လာအိပ်ရာ မနေ့ညမူကား ကျွန်ုပ်တို့ ရှိနေသောကြောင့်
သူ့ခမျာ ပြန်သွားရရှာသဖြင့် တစ်ညလုံး အအိပ်ပျက်
မည်ဖြစ်ရာ၊ ယနေ့ညမူကား ကျွန်ုပ်တို့က မီးငြိမ်း၍ အိပ်
သောကြောင့် ဘယ်သူမှ မရှိဘူးအထင်နှင့် စိတ်ချလက်ချ
လာအိပ်ဟန် လက္ခဏာရှိပေသည်။
ကြားရဖူးသလောက် သရဲဆိုသည်မှာ မျက်လုံးက
လကွင်းကြီးလောက်၊ နားရွက်က ဆန်ကောကြီးလိုစသည်
ဖြင့် ပြောတတ်ကြရာ အိပ်နေသူ၏ နားရွက်မှာ ဆန်ကော
လောက်ပင်ရှိပင်မရြှိငားသော်လည်း အတော်ပင်ကြီးမား
ပါပေသည်။ ဤဖော်ပြပါ စဉ်းစားစရာအချက်များကား
အခိုက်အတန့်အတွင်းဖြစ်ပွားရာ ထိုအခိုက်ဝန်ထောက်
ကြီးသည် “ဒီဘိုတဲမှာ ဗိုလ်ဆွဲနေတာ ဒီကောင်ကြီးပဲ
ဖြစ်မှာပဲ” ဟု တိုးတိုးပြောရင်း ကျွန်ုပ်ဆီသို့ လက်နှိပ်
ဓာတ်မီးကို လှမ်းပေးလိုက်ပြီးနောက်၊ ရိုင်ဖယ်သေနတ်နှင့်
ဆင့်ကာဆင့်ကာပစ်လိုက်ရာ သေနတ်သံနှင့်အတူ ဝူးဝူး
ဝါးဝါးအော်သံကြီးမှာ တစ်တောလုံး ဟိန်းသွားပြီးလျှင်
ထိုသတ္တဝါကြီးသည် ရုတ်တရက်ထ၍ ဘိုတဲအောက်သို
ခုန်ချလိုက်လေသည်။ ကျွန်ုပ်တို့သည်ဓာတ်မီးများနှင့်လိုက်လံထိုးကြည့်သော်လည်း သစ်ပင်ကြားတွင်ပင်ပျောက်သွားလေသလောမသိ၊
အစအနမျှမတွေ့ မမြင်လိုက်ရတော့ပေ။
မရှေးမနှောင်းပင်လျှင် ရွာထဲမှ လူများမီးတုတ်များ
ကိုကိုင်မြှောက်ရင်း “ဝန်ထောက်မင်းခင်ဗျား ကျွန်တော်
တို့လာပါတယ် လူမှားပြီးပစ်မိပါ့မယ်” ဟု အော်ဟစ်ကာ
လာကြလေသည်။ ထို့နောက် တစ်ယောက်တစ်ခွန်း ဆူညံ
စွာ မေးမြန်းပြောဆိုကြရင်းကပင် ရွာသားအဘိုးကြီးများ
သည် ဝန်ထောက်ကြီး အိပ်ရာကို အတင်းလိပ်ထမ်းရင်း
“မဖြစ်ဘူး မဖြစ်ဘူး ဝန်ထောက်မင်း၊ စိတ်ဆိုးချင်လည်း
ဆိုးရော့၊ ကျွန်တော်တို့တော့ အတင်းခေါ်တော့မှာပဲ
ကြည့်စမ်းပါဦးဗျာ ကံကြီးပေလို့သာပေါ့၊ သူတို့အိပ်နေ
တုန်းများ အလစ်လည်ပင်းဝင်ညှစ်လိုက်ရင်” ဟု အဘိုး
ကြီး တစ်ယောက်ကပြောရင်း လည်ပင်းကိုပု၍ ပြလိုက်လေ
သည်။ ကျွန်ုပ်တို့လည်း ဤမျှဆိုလျှင် ကျေနပ်လောက်ပြီ
ဖြစ်ရာ ရွာသားများ၏ အလိုအတိုင်းပင် ညတွင်းချင်း
ရွာထဲသို့ ရွှေ့ပြောင်းခဲ့ကြလေသည်း။ နောက်တစ်နေ့ည
တွင် ညက သေနတ်ပစ်ခံရသော သရဲဆိုသူ ရှိသေးသလော၊ မရှိပြီလော၊ အကယ်၍ရှိခဲ့လျှင် ဘိုတဲသို့ လာနိုင်မလာနိုင်စသည်တို့ကို သိလိုစိတ်ဖြင့် ဆက်လက်စောင့်လိုသော်လည်း အလုပ်ကလည်းပင်ပန်း၊ ရွာသားများကလည်း အတင်းကန့်ကွက်နေကြသောကြောင့် လက်လျှော့လိုက်ရတော့သည်။ အထူးသဖြင့် ကျွန်ုပ်တို့အပေါင်းအပါလူများစုကမူကား သရဲသည် ပထမညက လာပင်လာသော်လည်း ဘိုတဲပေါ်သို့မတက်နိုင်ပုံ၊ နောက်တစ်နေတက်ပင်တက်သော်လည်း မနှောင့်ယှက်နိုင်ပုံ၊ ဇီးဖြူပင်ဘိုတဲတွင် ကျွန်ုပ်က နတ်ကို ကဏကောစလုပ်ပါလျက်နှင့်
သတိပေးရုံသာပေးပြီး မနှောင့်ယှက်နိုင်ပုံတို့မှာ ကျွန်ုပ်၏
ညစဉ် ညတိုင်းညတိုင်း အိပ်ရာဝင်ဘုရားရှိခိုးအိပ်သော
ကြောင့်သာဖြစ်သည်ဟု အတပ်ယုံကြည်ကြကုန်
သတည်း။