◾အောက်လမ်းဘိုးထင် နှင့် လောဘရဲ့သားကောင်း (ဇာတ်သိမ်းပိုင်း)

◾အောက်လမ်းဘိုးထင် နှင့် လောဘရဲ့သားကောင်း (ဇာတ်သိမ်းပိုင်း)

14 Jun, 2026
◾အခန်း (၁)

​အရှေ့မှပြေးနေသော အရူးကြီးတ‌ယောက်၏နောက်သို့ လူငယ်သုံးယောက်တို့မှာ အပြေးတပိုင်းနှင့် လိုက်နေကြသည်။ထန်းပင်များကြားရှိ လှည်းလမ်းတွင် ပါးစပ်ဆိုင်းတီးပြီး ပြေးနေသော အရူးကြီးသည် အနောက်သို့ လုံးဝပြန်လှည့်မကြည့်ပါဘဲ အပြေးတပိုင်းနှင့်ခုန်ပေါက်ကာ‌ပြေးနေသည်။ အနောက်မှလိုက်နေကြသော လူငယ်သုံးယောက်တို့သည်လည်း အရူးကြီးအား အသံခပ်ကျယ်ကျယ်နှင့်လှမ်းအော်ခေါ်ကြလေသည်။

​“ဗျို့ ဦးကြီး နေပါဦးဗျာ ကျုပ်တို့ကို စောင့်ပါဦး”

​“နေပါဦးဗျို့ ကျုပ်တို့ ခင်ဗျားကိုပြောစရာရှိလို့ပါဗျာ ခင်ဗျားကလည်းမြန်လိုက်တာ စောင့်ဦး”

​အနောက်မှလူငယ်လေးများ မည်မျှအော်ခေါ်နေစေကာမူ အရှေ့မှာ ခုန်ပေါက်ကာ ကလေးတစ်ယောက်ကဲ့သို့ပြေးလွှားသွားနေသော အရူးကြီးသည်ကား နောက်သို့ တချက်ကလေးပင် ပြန်မလှည့်ကြည့်ဘဲ ပါးစပ်ဆိုင်းတီးကာ ပြေးမြဲပြေးနေ သည်။လူငယ်လေးများသည် အတန်ကြာသည်အထိ မရပ်မနားနှင့်အရူးကြီးနောက်သို့လိုက်လာရာ မကြာသောအချိန်တွင်တော့ မရမ်းပင်ကြီးများဖြင့်အုံ့ဆိုင်းစွာရှိနေသော ခြံကျယ်ကြီးထဲသို့ အရူးကြီးဝင်သွားသည်ကို တွေ့လိုက်ရလေသည်။ထို့အတွက် အရူးကြီးအနောက်မှပြေးလိုက်လာသော လူငယ်သုံးယောက်တို့သည်လည်း ထိုခြံကြီး၏အဝင်ဝတွင် ရပ်လိုက်ပြီး အချင်းချင်းတီးတိုးစကားဆိုကြလေသည်။


​“ဘိုးထင် ဘယ်လိုလုပ်မလဲ ငါတို့ ဒီခြံကြီးထဲကိုလိုက်ဝင်လို့ ဖြစ်ပါ့မလား”

​“လိုက်ဝင်တာပေါ့ကွာ ဟိုလူကြီးလည်း ဒီထဲဝင်သွားတာပဲဟာ”

​“ခြံကြီးက ကျယ်တော့ကျယ်တယ်ကွ နော့်”

​“အေး ခြံရှင်လည်း ရှိရင်ရှိနေမှာပေါ့ ဘာပဲဖြစ်ဖြစ် လိုက်သွားရမှာပဲ အဲ့လူကြီး မင်းသက်သေတဲ့ကိစ္စ သိကိုသိတယ်ကွာ”

​ဘိုးထင်၊ပေတူးနှင့် သာအေးတို့သည် ရွာသို့ပြန်ရင်း သူတို့အား လမ်းခုလတ်တွင်လမ်းပိတ်ပြီး မင်းသက်သေဆုံးခဲ့သော အကြောင်းများအားလာပြောနေသော အရူးကြီးနောက်သို့ လိုက်လာခဲ့ခြင်းသာဖြစ်သည်။ယခုအခါ၌ အရူးကြီးသည် မရမ်းပင်များ များစွာပေါက်နေသော ခြံကြီးအတွင်းဝင်သွားသောကြောင့် လိုက်သွားရကောင်းနိုးနိုး မလိုက်ရကောင်းနိုးနိုး တိုင်ပင်နေကြသည်။ထို့နောက် ဘိုးထင်သည် သက်ပြင်းတစ်ချက်ကိုချလိုက်ကာ

​“မထူးတော့ပါဘူးကွာ ငါတို့လိုက်သွားကြရအောင်”

​“လိုက်သွားတာ ပြဿနာမရှိဘူး တော်ကြာ သူ့ဆွေမျိုးတွေဘာတွေရှိနေရင် လိုက်အနိုင်ကျင့်တယ်ထင်နေမှာ စိုးရတယ်”

​“မင်းကလည်းကွာ အဲ့လောက်အတွေးများစရာလည်း မလိုပါဘူး ကဲ ကဲ ဝင်ရအောင်ကွာ ဒီခြံပိုင်ရှင်လည်း ညောင်ပင်စုရွာသားပဲဖြစ်မှာပါပဲ”

​“မင်းပြောတာလည်းဖြစ်နိုင်တာပဲ ကဲကွာ အဲ့ဒါဆို တို့ဝင်ကြရအောင်”

​ဘိုးထင်၊ပေတူးနှင့် သာအေးတို့သည် စိတ်တူကိုယ်တူဖြင့် ဝါးကပ်များအားခြံစည်းရိုးကာထားသည့် မရမ်းခြံကြီးအတွင်းသို့ ဝင်သွားလိုက်ကြသည်။အပြင်တွင် နေရောင်ရနေသော် လည်း ခြံကြီးထဲတွင်တော့ နေရောင်မရဘဲ ညို့မှိုင်းမှိုင်းနှင့်သာ ရှိနေသည်။သူတို့သည် ခြံကြီးအတွင်း အရူးကြီးအားလိုက်ရှာလိုက်ကြပြီး ယိုင်တိုင်တိုင်ဖြစ်နေသော အိမ်အိုကြီးအနားတွင်တော့ ခြေပစ်လက်ပစ်နှင့်ထိုင်နေသည့် အရူးကြီးအားတွေ့လိုက်ရသည်။အရူးကြီးအားတွေ့မြင်လိုက်သည်နှင့် ဘိုးထင်တို့သည် အရူးကြီးထပ်ထွက်ပြေးမည်ကိုစိုးသောကြောင့် လက်ကာပြကာ အမောတကောနှင့် စကားဆိုလေသည်။

​“ဟေ့လူကြီး ဟေ့လူကြီး ထပ်ပြီးထွက်မပြေးနဲ့တော့နော်ကျုပ်တို့ ခင်ဗျားကိုဘာမှမလုပ်ဘူး”

​“ဟုတ်တယ် မပြေးပါနဲ့တော့ဗျာ”

​အရူးကြီးသည် သူ့အား နောက်တကြိမ်ထပ်ထွက်မပြေးရန် တားမြစ်နေသည့် ဘိုးထင်တို့အား ပြုံးပြလိုက်ပြီးနောက် စကားဆိုလိုက်လေသည်။

​“မင်းတို့ လိုက်ကောလိုက်လာပါ့မလားလို့ ငါက စိုးရိမ်နေတာ ဒီခြံကြီးထဲကို ညောင်ပင်စုရွာသားတွေ ဝင်မလာရဲကြဘူးကွ”

​“ဘာဖြစ်လို့တုန်း”

​“သရဲခြောက်တယ်ဆိုပြီး နာမည်ကြီးလို့ပေါ့ကွာ အဲ့ဒါတွေ ထားလိုက်တော့ ဒီထဲမှာဆိုရင်တော့ ငါ မင်းတို့နဲ့ စကားပြောဖို့ စိတ်ချလောက်ပါရဲ့”

​“အဲ့ဒါဆို ခင်ဗျားက မရူးဘူးပေါ့ ကျုပ်တို့ကို ဒီကိုတမင်ခေါ်လာခဲ့တာပေါ့ ဟုတ်လား”

​“အေးပေါ့ကွ ဒီလောက်သိသာနေတာကို ကဲ ကဲ ထိုင်ကြဦး”

​အရူးဟန်ဆောင်ထားသော လူကြီးသည် ဘိုးထင်တို့သုံးယောက် အနီးသို့ရောက်လာသည်နှင့် ခပ်ပြုံးပြုံးမျက်နှာပေးနှင့် ထိုသို့စကားဆိုလာပြီးနောက် ထိုင်ရန်အတွက် မြေကြီးအား လက်နှင့်ပုတ်ပြလေသည်။ဘိုးထင်တို့လည်း အရူးဟန်ဆောင်ထားသော လူကြီး၏ပတ်လည်တွင် ထိုင်လိုက်ကြပြီး ထိုလူကြီးအား တစ်ယောက်တစ်ပေါက်နှင့်အမေးစကားများ ဆိုကြလေသည်။

​“ဦးကြီးက မရူးဘူးမလား”

​“ဟုတ်တယ် ဦးကြီးကမရူးဘဲ ဘာလို့ ရူးချင်ယောင်ဆောင်နေရတာလဲ ကျုပ်တို့ကို ရှင်းပြစမ်းပါဦးဗျာ”

​“ကျုပ်ဖြင့်လေ မရူးဘဲ အရူးလိုနေတဲ့သူကို အခုမှပဲမြင်ဖူး တော့တယ် လုပ်စမ်းပါဦးဗျာ ဘာလို့ ရူးချင်ယောင်ဆောင်နေတာလဲ ကျုပ်တို့သိချင်တယ် ပြီးတော့ မင်းသက်ကိုသတ်တာ ဒေါ်သဲဦးလို့ ဘာလို့ပြောရတာလဲ”

​ဘိုးထင်တို့သုံးယောက် ထိုသို့ သူ့ထက်ငါမေးမြန်းနေရာ အရူးဟန်ဆောင်သူလူကြီးမှ ဦးစွာပြုံး၍ စကားဆိုလေသည်။

​“မင်းတို့ အကုန်သိရမှာပါကွာ”
​“အဲ့ဒါဆို ကျုပ်တို့ကိုသေချာပြောပြဗျာ ကျုပ်ကတော့ တအားစိတ်ဝင်စားနေပြီ”

​“ဟုတ်တယ် ခင်ဗျားတို့ရွာက ကိစ္စကတော့ တော်တော်ရှုပ်တာပဲဗျာ”

​“လူတွေရဲ့ အလိုလောဘကြောင့်ပေါ့ကွာ အဲ့လောဘတွေကြောင့်ပဲ မင်းသက်ဆိုတဲ့ကောင်လေး သားကောင်ဖြစ်သွားရတာ”

​အရူးကြီးတဖြစ်လဲ ဦးဝင်းစိန်အမည်ရသော လူကြီးသည် လွန်ခဲ့သောနှစ်များစွာက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို ဘိုးထင်တို့သုံးယောက်အား ပြန်ပြောင်းပြောပြလာပါလေတော့သည်။

​အခန်း (၂)

​ညောင်ပင်စုရွာလေးရှိ ဦးပေစိအမည်ရသောလူကြီးသည် လူရိုးကြီးတစ်ယောက်အဖြစ် နာမည်ကြီးလေသည်။သူသည် ဒေါ်သဲဦးအမည်ရသော အမျိုးသမီးနှင့် အိမ်ထောင်ကျခဲ့သည်။ဒေါ်သဲဦးသည် ဦးပေစိထက် အသက်တစ်ဆယ့်နှစ်ကျော်ငယ်သူတစ်ယောက်ဖြစ်ပြီး အပြင်ပန်းတွင်တော့ အနေအေးသူတစ်ယောက်နှယ်ရှိသော်လည်း အတွင်းတွင်တော့ အတော်အလိုလောဘကြီးသူတစ်ယောက်ဖြစ်သည်။ထိုသို့ မတူညီသော လူနှစ်ယောက်၏အိမ်ထောင်ရေးမှာ အဆင်ပြေသည်ဟုမရှိဘဲ အမြဲတကျက်ကျက်နှင့်ရန်ဖြစ်ကြသည်။​ဒေါ်သဲဦးသည် အလိုလောဘကြီးသူပီပီ အနေအေးသော ဦးပေစိအား နိစ္စဓူဝအမြဲတမ်းပြစ်တင်ပြောဆိုလျက်ရှိသည်။ယခုလည်း အိမ်အောက်တန်းလျားတွင် နှီးဖြာနေသော ဦးပေစိအား ဒေါ်သဲဦးတယောက် အသံခပ်အုပ်အုပ်ဖြင့် ပြစ်တင်ပြောဆိုလို့နေသည်။

​“တော့် ကိုပေစိ တော် တစ်သက်လုံး ဒီလိုပဲနေသွားတော့မှာလား”

​“ငါက ဒီလိုမနေလို့ ဘယ်လိုနေရမှာလဲဟ”

​“တော် ကြီးပွားတိုးတက်မယ့်အလုပ်ကလေးဘာလေး လုပ်ပါတော့လား ဒီတောင်သူအလုပ်က ဝမ်းဝရုံလောက်ပဲရှိတာ ဘာမှစုမိဆောင်းမိတာမရှိဘူး”

​“ငါတို့တစ်မျိုးလုံး တောင်သူပဲလုပ်ခဲ့တာပါ ဘာဖြစ်လို့လဲ”

“ဘာဖြစ်ရမှာလဲရှင့် ကျုပ်လည်ပင်းမှာ ဘာရှိလဲ”

“မှဲ့လေးတော့ရှိသလားလို့”

​“တော်စမ်း တော် ပေါက်ကရတွေပြောမနေနဲ့ ကျုပ်ပြောချင်တာ ကျုပ်လည်ပင်းမှာ ဆွဲကြိုးမရှိတာကိုပြောတာ ကျုပ်အမဝမ်းကွဲသမီးဆို ကြည့်ပါလား ရွှေတွဲလွဲငွေတွဲလွဲနဲ့ ကျုပ်ကတော့ ဘာဆိုဘာမှမရှိဘူး”

​“သြော် သဲဦးရယ် လူချင်းသာတူတာ ကံချင်းကတူတာမဟုတ်ဘူးလေ ဘာတတ်နိုင်မှာလဲ ရှေးဘဝက ဘဝပေးကုသိုလ်ကံကလည်း ရှိသေးတယ်လေကွာ”

​“တော်စမ်းပါ မမြင်ရတဲ့ ရှေးဘဝ၊နောက်ဘဝတွေကို လျှောက်ပြောနေတယ် တော် အသုံးမကျရင် မကျဘူးပေါ့ ဘာတွေလျှောက်ပြီးအာ‌ချောင်နေတာတုန်း”

​“သဲဦး နေစမ်းပါဦး ငါမေးပါဦးမယ် အခု ငါတို့က စားရမဲ့သောက်ရမဲ့ဖြစ်နေလို့လား”

​“အဲ့လိုမျိုးဖြစ်နေရင်လည်း တော့်ကိုဆက်ပေါင်းမယ်များထင်နေလား ရှင်နဲ့ပြောရတာ လေကုန်တယ် ကျမ စန္ဒာတို့အိမ် သွားလိုက်ဦးမယ် သူတို့မှာရှိတဲ့ ပစ္စည်းတွေကိုသွားငမ်းလိုက်ဦးမယ် အိမ်မှာနေရင် အကုသိုလ်ပဲများနေရတာ သွားပြီ”

​ဒေါ်သဲဦးသည်ထိုသို့ပြောပြီး ဦးပေစိအားမကြည်သလို ကြည့်ကာ အိမ်ဝိုင်းအပြင်သို့ထွက်သွားလေသည်။သူမ ထွက်သွားပြီး မကြာမီ အိမ်ဝိုင်းအတွင်းသို့ ဦးပေစိ၏အပေါင်းအ သင်းတစ်ယောက် ရောက်လာလေသည်။သူသည် နှီးဖြာနေသော ဦးပေစိအား ပြုံး၍နှုတ်ဆက်လေသည်။

​“ဝင်းစိန်မင်း အိမ်မှာချည်းအောင်းနေပါလားကွ”

​“အေး မောင်သောင်းရေ မိုးစည်းနှီးဖြာနေတာလေကွာ မိုးတွင်းက ရောက်တော့မယ်မလား”

​“အေး ဟုတ်ပါ့ ဒီနှစ်တော့ မင်းက ငါ့အရင် အိမ်မိုးရမယ်ထင်ပါ့ကွာ သက်ကယ်တွေရော စုပြီးပြီလား”

​“စုပြီးပြီကွ”

​“အစောက မင်းမိန်းမ ဘယ်သွားတာတုန်း ငါနှုတ်ဆက်တာတောင် ပြန်နှုတ်ဆက်မသွားဘူး”

​“သူ့ဝမ်းကွဲတူမအိမ်ဆိုလားကွာ”

“မင်းမိန်းမ မရှိတုန်း ငါ မင်းကိုပြောရဦးမယ်”

​“ပြောလေကွာ ဘာတုန်း”

​“ဘာရမှာလဲ မင်းမိန်းမ သူ့ရည်းစားဟောင်း မြင့်ခိုင်ဆိုတဲ့ကောင်နဲ့ တွေ့ တွေ့နေတယ်လို့ ကြားတယ်နော်”

​“လျှောက်ပြောနေကြတာနေမှာပါကွာ အသက်တွေလည်းကြီးပါပြီ ”

​“ဟုတ်ရင်ကျော် ပုတ်ရင်ပေါ်ဆိုတဲ့ စကားကိုလည်း မင်းသိရက်သားနဲ့ကွာ”

​“မင်းပြောပုံအရဆို ငါ့မိန်းမဖောက်ပြန်နေတာပေါ့ ဟုတ်လား အဲ့လိုပြောချင်တာလား”

​“တချို့လူရှုပ်တွေကတော့ အဲ့လိုပြောနေကြတာပဲကွ”

​“လူရှုပ်တွေပြောတယ်ဆိုမှတော့ ဘယ်လိုလုပ် မှန်နိုင်တော့မှာလဲကွာ”

​“မဟုတ်ဘူး ငါ့ကောင် မြင့်ခိုင်ဆိုတဲ့ကောင်က လူရှုပ်ကွ လူရှုပ်သတင်းကို လူရှုပ်တွေအချင်းချင်းပဲကြားမှာပေါ့ကွ”

​ဦးပေစိတစ်ယောက် ငယ်သူငယ်ချင်းဖြစ်သူ မောင်သောင်း ၏စကားကြောင့် အတော်လေးကို အတွေးများသွားရသည်။ အကြောင်းမှာ မောင်သောင်းသည် ဘယ်သောအခါမှ သူနစ်နာနိုင်သောလုပ်ရပ်များအားပြောဆိုလုပ်ကိုင်မည့်သူ မဟုတ်သောကြောင့်ဖြစ်သည်။တခြားသူများသည် သူ၏ နာမည်အရင်းဖြစ်သော ဝင်းစိန်ကိုမခေါ်ဘဲ ပေစိဟုခေါ်ကြချိန်တွင် မောင်သောင်းတစ်ယောက်တည်းသည်သာ ဝင်းစိန်ဟုအမြဲခေါ်သည်။ထို့ကြောင့် မောင်သောင်း၏စကားကို ပစ်ပယ်ထားခြင်းငှာမသင့်ဟု ဦးပေစိ ဆုံးဖြတ်လိုက်၏။ထို့နောက် သူသည် သက်ပြင်းတစ်ချက်ကိုချကာ မောင်သောင်း၏ သတိပေးစကားအား အရေးထားလိုက်ရတော့သည်။

​“အေးကွာ မင်းပြောတာလည်းဟုတ်တယ်။အမှန်အတိုင်း ပြောရရင် ငါ့မိန်းမနဲ့ ငါက အသက်ကွာတယ်ကွ ပြီးတော့ ငါ့မိန်းမက ဝတ်ချင်စားချင်စိတ်ရှိတယ် မင်းသိတဲ့အတိုင်း ငါက သူ့ကို ပြည့်ပြည့်စုံစုံသိပ်မထားနိုင်ဘူးဆိုတော့ သိပ်တော့လည်း ငါ့ကိုမကြည်ဖြူဘူးပေါ့ကွာ”
​“ငါက မဖြစ်သင့်တာတွေမဖြစ်အောင်လို့သတိ‌ပေးတာပါ ငါ့ကို မင်းတို့လင်မယားကြားတိုက်တယ်လို့ ထင်မနေနဲ့ဦး တချို့ကိစ္စတွေကျတော့ အသိပေးထားတာ ကောင်းမယ်ထင်လို့ကွာ ငါပြောတာကို မင်းသိမှာပါ”

​“သိပါတယ် မောင်သောင်းရာ... မင်းကို ကျေးဇူးတင်တယ်ကွာ"

"အေး အေး အဲ့ဒါဆိုလည်း ငါပြန်လိုက်ဦးမယ် ငါ့အိမ် လာလာလည်ပါအုံးကွာ မင်းအအရမ်းကြိုက်တဲ့တောင်ပေါ်လက်ဖက်ခြောက်ရလာတယ် ငါယူလာဖို့ မေ့သွားတာကွ ”

​“ဟုတ်လား အဲ့ဒါဆို ငါနောက်နေ့မှ လာယူမယ်ကွာ ကဲကဲ ဂရုစိုက်သွားဦး”

​ဦးမောင်သောင်းသည် ဦးပေစိအားနှုတ်ဆက်ပြီးနောက် တန်းလျားတွင် ထိုင်နေရာမှထပြန်သွားလေသည်။ကျန်ခဲ့သော ဦးပေစိသည်လည်း အတွေးများစွာဖြင့် ငြိမ်သက်စွာ နှီးဖြာနေပါလေတော့သည်။

◾​အခန်း (၃)

​တစ်နေ့သောညနေတွင် ဦးပေစိတစ်ယောက် နာရေးတစ်ခုသို့ သွားရလေသည်။နာရေးသည် ရွာထဲမှ မင်းသက်ဆိုသော လူငယ်လေး၏နာရေးဖြစ်သည်။မင်းသက်တို့မှာ ညီအစ်ကိုနှစ်ယောက်တည်းရှိသည်မို့ ညီဖြစ်သူဆုံးပါးသွားသောအခါ ကျန်ခဲ့သည့် တဦးတည်းသောအကိုဖြစ်သူ တင်ကြည်တစ်ယောက် သောကဗျာပါဒများဖိစီးနေလေသည်။ထို့အတွက် ရွာထဲမှ လူကြီးသူမများသည် တင်ကြည်အား တရားနှင့်ဖြေရန်နှစ်သိမ့်ပေးနေကြလေသည်။ရွာမှလူကြီးများနည်းတူ ဦးပေစိသည်လည်း ကွပ်ပျစ်ပေါ်တွင်ထိုင်နေသော တင်ကြည်အား နှစ်သိမ့်ပေးရန်အလို့ငှာသွားလိုက်သည်။ဦးပေစိသည် တင်ကြည်၏ပုခုံးကိုပုတ်လိုက်ကာ

​“တင်ကြည်ရေ သေခြင်းတရားဆိုတာတော့ ငါတို့ မင်းတို့လည်း တစ်နေ့ကြုံရမှာပဲကွာ စောတာနဲ့ နောက်ကျတာပဲကွာတာ မင်းအနေနဲ့ ဆုံးရှုံးမှုဘယ်လောက်ကြီးတယ်ဆိုတာ ငါကောင်းကောင်းနားလည်ပါတယ်ကွာ”

​“ရပါတယ် ဦးလေး ကျုပ်ဖြေနိုင်ပါတယ် ဒါပေမဲ့ဗျာ ကျုပ်ညီက မသေသင့်သေးဘူးဗျ”

​“အေးကွာ ငါလည်း ဘယ်လိုပြောရမယ်မှန်းမသိအောင်ပါပဲ”

​စကားပြောသိပ်မတတ်သော ဦးပေစိတစ်ယောက် တင်ကြည်အား မည်သို့ဆက်နှစ်သိမ့်ရမည်ကို မတွေးတတ်ဖြစ်သွားရသည်။တင်ကြည်သည်ကား ရိုးသားသည့် ဦးပေစိကိုကြည့်ကာ

​“ဦးလေး တချို့မိန်းမတွေက ကြောက်ဖို့ကောင်းတယ်ဗျ အပြင်ပန်းမှာတော့ အေးဆေးပေမဲ့ အတွင်းမှာတော့ တကယ်ကို ကြောက်စရာကောင်းတယ်”

​“မင်း ဘာပြောတာလဲ တင်ကြည်”

​“မိန်းမတွေ ကြောက်စရာကောင်းတဲ့အကြောင်းပေါ့ဗျာ”

​“အေးကွာ ငါ့မိန်းမရဲ့တူမဝမ်းကွဲလည်း မင်းသက်ဆုံးလို့ အတော်ကိုစိတ်မကောင်းဖြစ်နေတာ ”

​“တော်ပါတော့ ဦးလေးရာ ကဲ ဦးလေးလည်းပြန်တော့မှာမလား ပြန်တော့လေ ဆွမ်းသွတ်ရင် ကျုပ်ဖိတ်လိုက်မယ်”

​“ဪ အေး အေး အဲ့ဒါဆို ငါသွားပြီနော်”

မျက်နှာပျက်ယွင်းနေပြီး သူ့အား အမှတ်မထင်စိတ်ဆိုးဒေါသထွက်ကာစကားဆိုလာသော တင်ကြည်၏အကြောင်းကို ဦးပေစိတစ်ယောက်တွေးနေမိသည်။မည်သည့်အကြောင်း ကြောင့်ထိုသို့ပြောလာသည်ကိုဖြင့် ရေရေရာရာစဉ်းစား၍မရပေ။သို့သော်လည်း သူသည် တင်ကြည်အပေါ် စိတ်မဆိုးရက်‌ ပေ။တစ်ဦးတည်းသော သွေးသားရင်းချာညီတစ်ယောက်လုံးဆုံးပါးသွားရ၍ စိတ်အခြေအနေမကောင်းခြင်းဖြစ်နိုင်သည်ဟု စဉ်းစားလိုက်ခြင်းကြောင့်ပင်ဖြစ်သည်။​ဤသို့ဖြင့် အိမ်အပြန်လမ်းတွင် ရွာမှ ဗိ‌န္ဒောဆေးဆရာကြီး ဦးဟန်သာနှင့် တိုးလေသည်။ဦးဟန်သာသည် ဦးပေစိကိုမြင်သည်နှင့် ပြုံး၍ နှုတ်ဆက်စကားဆိုလေသည်။

​“ပေစိ ဘယ်က ပြန်လာတာတုန်းကွ”

​“တင်ကြည်တို့အိမ်က ပြန်လာတာလေ ဆရာကြီးကော ဘယ်သွားမလို့လဲဗျ”

​“တင်ကြည်တို့အိမ်ပဲလေကွာ မြေချတာကိုတော့ မမှီတော့ဘူးထင်ပါ့ရဲ့ကွာ”

​“အစောကမှ သင်္ဂြိုဟ်ပြီးတာပဲ”

​“ဪ အေး အေး ဘာပဲဖြစ်ဖြစ် သွားလိုက်ဦးမယ်ကွာ ဒါနဲ့ မင်းမိန်းမကော အိပ်ပျော်ပြီလား”

​ဆေးဆရာကြီး၏အမေးအား ဦးပေစိတစ်ယောက် နားမလည်နိုင်ဖြစ်သွားသည်။ထို့ကြောင့် သူသည် ဆေးဆရာကြီးအား ထိုအမေးစကားအပေါ်နားမလည်ကြောင်းပြောလိုက်ပြီး ပြန်မေးလိုက်ရတော့သည်။

​“ဆရာကြီး ဘာပြောတာတုန်းဗျ ကျုပ်နားမလည်လို့”

​“ဘာကိုနားမလည်တာတုန်း ပေစိရဲ့”

​“ကျုပ်မိန်းမ အိပ်မပျော်ဘူးဆိုတဲ့ ကိစ္စ‌လေဗျာ”

​“အေးလေကွာ မင်းမိန်းမ အိပ်မပျော်ဘူးဆိုပြီးတော့ ငါ့ဆီ အိပ်ဆေးလာလာတောင်းတာ ငါ့ဖြင့် သူ့ကို ဗမာဆေးမရှိလို့ ငါအသိပေးတဲ့ နိုင်ငံခြားဆေးတွေပေးလိုက်ရတယ် အဲ့ဆေးတွေက သောက်တိုင်းကောင်းတာမဟုတ်ဘူးကွ”

​“ဗျာ သူ အိပ်မပျော်လို့တဲ့လား”

​“အေး ဟုတ်တယ် ငါတောင် အဲဒီဆေးတွေကို ကံကောင်းလို့ရတာ တခေါက် မြို့တက်သွားတုန်းက မိတ်ဆွေတစ်ယောက်က ပေးတာလေ အဲ့ဒါလေး သူ့ကိုပြန်မျှလိုက်တာသူက ရိုးရာဆေးဖော်ခိုင်းတာ မင်းသိတဲ့အတိုင်း အိပ်ဆေးဖော်တယ်ဆိုတာ လွယ်တာမှတ်လို့ကွာ အဲ့ဒါကြောင့် ငါက နိုင်ငံခြားဆေးပေးလိုက်တာ ဟော မင်းမိန်းမတောင် ကျေးဇူး တင်လွန်းလို့ ငါ့ကို ငွေတစ်ရာပေးလိုက်သေးတယ်လေ”

​ဦးပေစိတစ်ယောက် တခုခုမှားယွင်းနေသည်ကိုဖြင့်သတိ ထားမိသွားသည်။ထို့နောက် သူသည် ဆေးဆရာကြီးအား နှုတ်ဆက်ပြီး လေးကန်သောခြေလှမ်းတို့ဖြင့် အိမ်သို့ပြန်လာလိုက်လေသည်။အိမ်အပြန်လမ်းတွင် ဦးပေစိတယောက်အတွေးများစွာဖြင့် လမ်းလျှောက်လို့နေ၏။မိန်းမဖြစ်သူမှာ အိပ်မပျော်သူမဟုတ်။ခေါင်းအုံးနှင့် ခေါင်းထိလိုက်ရုံဖြင့် အိပ်ပျော်တတ်သူဖြစ်ရာ အဘယ်ကြောင့်များ ဆေးဆရာကြီးထံ အိပ်ဆေးတောင်းရသည်ကိုနားမလည်နိုင်ဖြစ်နေသည်။
​ထိုအချိန် သူ၏အနောက်ဆီမှာ လူတစ်ယောက်ခေါ်သံကြောင့် ခြေလှမ်းတို့အားရပ်တန့်လိုက်ပြီး နောက်သို့ ပြန်လှည့်ကြည့်လိုက်သည်။သူတွေ့လိုက်ရသည်မှာ အိမ်နီးနား ချင်းဖြစ်သူ ဒေါ်ကြည်လှဖြစ်သည်။သူမသည် ဦးပေစိအနား ရောက်သည်နှင့် လက်ထဲမှကိုင်လာသော ဝက်သားတွဲအား ကမ်းလာကာ

​“ပေစိ နင် အိမ်ပြန်မှာမလား”

​“ဟုတ်တယ် အမကြီး အိမ်ပြန်မှာ”

​“အေး အေး အဲ့ဒါဆို ဝက်သားလေးဆွဲသွားလိုက်စမ်းပါ ငါ တင်ကြည်တို့အိမ်သွားချင်လို့”

​“ရတယ်လေ”

​ဒေါ်ကြည်လှသည် လက်ထဲမှဝက်သားတွဲအား ဦးပေစိထံ ကမ်းလိုက်ပြီး တစ်စုံတစ်ရာအားအမှတ်ရသွားဟန်ဖြင့် မေးမြန်းလာလေသည်။

​“ပေစိ အခုတလော နင်အိပ်မပျော်ဘူးလား”

​“ဘာလို့တုန်း အမကြီး”

​“ည ည အိမ်ဝိုင်းထဲမှာ လမ်းလျှောက်နေတာတွေ့လို့ ကဲ ကဲ ငါလည်းအချိန်နောက်ကျနေပြီ သွားလိုက်ဦးမယ် အိမ်ကဟာတွေကိုပြောလိုက်စမ်းပါအေ ဒီဝက်သားတွေကို ခုတ်သာထားလိုက် ငါ ပြန်လာမှချက်မယ်လို့”

​“စိတ်ချ အမကြီး ကျုပ်ပြောလိုက်မယ်”

​ဦးပေစိတစ်ယောက် ဒေါ်ကြည်လှအကြုံပေးလိုက်ဝက်သားတွဲကိုဆွဲကာ အိမ်သို့ပြန်လာခဲ့လေသည်။အိမ်အပြန်လမ်းတွင်တော့ သူ၏ဦးနှောက်ထဲတွင် အတွေးများစွာဖြင့် ချာချာလည်နေပြီဖြစ်သည်။သက်ပြင်းတို့အကြိမ်ကြိမ်ချကာ မိန်းမဖြစ်သူ မည်သို့ကြံစည်နေသည်ကိုသိအောင်လုပ်မှ ဖြစ်တော့မည်ဟု ဆုံးဖြတ်လိုက်ပါလေတော့သည်။

◾​အခန်း (၄)

​ထိုနေ့သည် မင်းသက်ဆုံးပါးသွားပြီး ခုနစ်ရက်မြောက်နေ့ဖြစ်သည်။ဦးပေစိသည် အိမ်အောက်တန်းလျားတွင်ထိုင်ပြီး ရေနွေးကြမ်းသောက်နေချိန် မိန်းမဖြစ်သူမှ ထမင်းဟင်းတို့အားပြင်ကာ အိမ်အောက်စားပွဲပေါ် ယူဆောင်လာပေးသည်။ ထို့နောက် သူမသည် ဦးပေစိအား ခပ်တည်တည်နှင့်ကြည့်ပြီး ထမင်းနှင့်ဟင်းတို့အား မေးငေါ့ပြရင်းကစကားဆိုလေသည်။

​“တော် ထမင်းစားလို့ရပြီ”

​“မစားချင်သေးဘူးဟာ မှောင်တောင်မမှောင်သေးဘူးကို”

​“ဘာလဲ ရှင်က တော်တော်ချမ်းသာနေလား စောစောစားထားတော့ ရေနံဆီတောင်သက်သာသေးတယ် ရေနံဆီဝယ်ရတာ လွယ်တယ်များထင်နေလား”

​“အေးပါဟာ ငါစားပါ့မယ် ဒါပေမဲ့ ရေလေးတော့ချိုးလိုက်ဦးမယ် နင့်ကိုပြောဖို့ မေ့နေတာ နင့်ဝမ်းကွဲတူမ စန္ဒာလေ နင့်ကို သူ့ဆီလာခဲ့ဖို့ပြောထားတယ် ငါပြောဖို့မေ့နေတာ”

​“ဟုတ်လား တော်ကတော့ဖြင့် လုပ်လိုက်ရင်တလွဲကြီးပဲ အဲ့ဒါဆို ရေချိုးပြီးတာနဲ့ ထမင်းစားလိုက်နော် ကြားလား ကျုပ် စန္ဒာဆီသွားလိုက်ဦးမယ်”

​“အေး အေး သွား သွား”

​ဒေါ်သဲဦးထွက်သွားသည်နှင့် ဦးပေစိသည် စားပွဲပေါ်မှ ထမင်းနှင့်ဟင်းများကို ထမင်းရည်အိုးထဲသို့ထည့်ကာ လက်စဖျောက်ပစ်လိုက်သည်။ထို့နောက် သူသည် ရေချိုးလိုက်ပြီးနောက် အရင်နေ့ကများနှင့်မတူ လန်းလန်းဆန်းဆန်းဖြစ်နေသည်။ပုံမှန်ရက်များတွင် ထမင်းစားပြီးချိန်များ၌ လေးလံနေတတ်သော သူသည် ယခုအကြိမ်တွင်တော့ မည်သို့မှမဖြစ်ချေ။ထို့ကြောင့် ဆေးဆရာကြီးထံမှဝယ်ယူသော အိပ်ဆေးများမှာ သူ့အားကျွေးနေသည်ကိုသတိထားမိလိုက်သည်။​ထို့နောက် သူသည် တန်းလျားတွင် ဝင်လှဲလိုက်ပြီးနောက် အရင်နေ့များနည်းတူပြုမူနေလိုက်သည်။မီးခွက်ထွန်းချိန်အရောက်တွင်တော့ ဒေါ်သဲဦးပြန်ရောက်လာပြီး ဦးပေစိကိုကြည့်ကာကျေနပ်နေပြီး ဦးပေစိ၏ပုခုံးကိုပုတ်ပြီး နှိုးလေသည်။

​“ကိုပေစိ တော် ကိုပေစိ အိပ်ရင် အိပ်ရာပေါ် တက်အိပ်တော့ တော်ကတော့ ခုတင်စောင်းတင် ထမင်းစားပြီး တန်းအိပ်တာပဲ သွား သွား ထ ထ”

​ဒေါ်သဲဦးတစ်ယောက် ဦးပေစိကိုအတော်လေးနှိုးလိုက်ရပြီး အိမ်ပေါ်သို့ တက်ခိုင်းလိုက်ရသည်။ဦးပေစိသည်လည်း မှင်ကောင်းကောင်းနှင့်ပင် အိမ်ပေါ်တက်သွားပြီး သူ၏အိပ်ရာတွင် အိပ်ချင်ယောင်ဆောင်နေလိုက်သည်။​ဒေါ်သဲဦးသည် ရေနံဆီမီးခွက်ကိုကိုင်ပြီး အိမ်ပေါ်သို့တက်လာကာ အိပ်ပျော်ဟန်ဆောင်နေသော ဦးပေစိအား အကဲခတ်ကြည့်နေသည်။ ထို့နောက် သူမသည် သူမအိပ်ရာဖြစ်သော အိမ်ခန်းအတွင်းသို့ဝင်သွားလေသည်။ဤသို့ဖြင့် ညဉ့်နက်သန်းခါင်အချိန်သို့ ရောက်လာသည့်အခါ အိမ်ပေါ်သို့ လူတယောက်တက်လာသည်ကို ဦးပေစိ သတိထားမိလိုက်သည်။လူရိပ်သည် ရဲရဲတင်းတင်းပင် ဒေါ်သဲဦးရှိသော အိမ်ခန်းအတွင်းသို့ဝင်သွား ၏။ထိုလူရိပ်ဝင်သွားသည်နှင့် ဦးပေစိသည်လည်း အိပ်နေရာမှထကာ အိမ်ခန်းထရံအနားသို့ကပ်ပြီး အခြေအနေကိုစောင့်ကြည့်နေလိုက်သည်။အိမ်ခန်းအတွင်းမှ ပြောစကားများကိုဖြင့် ဦးပေစိတစ်ယောက် အတိုင်းသားကြားလို့နေသည်။

​“မြင့်ခိုင် နင်လာတာ စောလှချည်လား”

​“သန်းခေါင်ကျော်နေပါပြီ သဲဦးရယ် စောတယ်လို့ခေါ်လို့ရမလား နေပါဦး နင်ဘယ်လိုဆက်လုပ်မှာလဲ”

​“ဘာကိုလဲ မြင့်ခိုင်”

​“နင်ပြောတော့ စန္ဒာ့ကိုအဆိပ်ခပ်တာဆို ဘယ်လိုဖြစ်ပြီး မင်းသက်က သေသွားရတာလဲ”

​“အဲ့ကောင်မက သူစားမယ့်ထမင်းကို သူမစားဘဲ သူ့လင်သွားကျွေးတာလေ ဒီကောင်မလည်း မကြာခင်ရူးတော့မှာပါ စိတ်မပူနဲ့ မိငွေနဲ့ မင်းစိန် ဟိုအောက်လမ်းဆရာဆီသွားတာ ငါတွေ့တယ် အခုလောလောဆယ်တော့ ငါတို့ ငြိမ်နေရမယ်”

​“မင်းစိန်နဲ့ မိငွေက ဘာလို့ အဲ့ကောင်မကိုတိုက်ချင်တာလဲဟ”
​“အဲ့ဒါလည်း ငါ့အကြံပဲ အဲ့ကောင်မ မင်းစိန်တို့ကိုပို့ခိုင်းတဲ့ ထမင်းထဲ ငါအဆိပ်ခပ်ထားတာ ဒင်းတို့အားလုံးသေမှ ဆွေမျိုးနီးစပ်တဲ့ ငါက အမွေတွေရမှာမလား အဲ့လင်မယား ကံကောင်းသွားတယ် အဆိပ်ခပ်ထားမှန်းသိသွားတယ်လေ သူတို့ကတော့ ဟိုကောင်မပဲခပ်တယ်ထင်နေတာပေါ့”

​“နင်ကတော့လေ ထင်ကိုမထင်ရဘူး ငါတောင် နင့်လင်ငယ်ဖြစ်နေလို့ ဒါတွေသိတာ ပုံမှန်ဆို နင်ဒီလိုတွေလုပ်တာယုံမှာမဟုတ်ဘူး ဒါနဲ့ နင့်လင်ကြီးကိုကော ဘယ်လိုလုပ်မှာလဲ”

​မြင့်ခိုင်မှ ဒေါ်သဲဦးအားထိုသို့မေးလိုက်သည့်အခါ ထရံအနားကပ်၍ ချောင်းနားထောင်နေသော ဦးပေစိတစ်ယောက် ချွေးများစို့လာသည်အထိ စိတ်လှုပ်ရှားလို့နေသည်။ဒေါ်သဲဦးသည်ကား မြင့်ခိုင်၏အမေးကြောင့် ခေတ္တငြိမ်သက်သွားပြီးမှ ပြန်လည်ဖြေကြားလေသည်။

​“အခုလောလောဆယ်တော့ အိပ်ဆေးပေါ့ဟယ် နင် ငါ့ကိုယူဖို့အဆင့်သင့်ဖြစ်ရင်တော့ အဆိပ်ဆေးပြောင်းခပ်တာပေါ့ မကောင်းဘူးလား”

​“ကောင်းတယ် မကြာတော့ပါဘူးဟာ နင်အခုလိုလုပ်နေတာတွေ နင့်ယောက်ျားကြီးသတိထားမိသေးလား”

​“သတိမထားမိလောက်ပါဘူး”

​“နင်က သတိမထားမိဘူးပြောနေ ဆေးဆရာကြီးဆီက နင်အိပ်ဆေးဝယ်တဲ့အကြောင်း သူသိသွားပြီတဲ့ ငါ့ကို ဆရာကြီးပြောလို့သိရတာ”

​“ဟုတ်လား အဲ့ဒါဆို ဒီကောင်ကိုမြန်မြန်ရှင်းမှဖြစ်မယ် ထင်တယ်”

​ထိုစကားများကိုနားထောင်နေသော ဦးပေစိတစ်ယောက် မည်သို့ပြုလုပ်ရမည်မှန်း မသိအောင်ဖြစ်နေမိသည်။မိန်းမဖြစ်သူအား သတ်ပစ်ဖို့အတွက်လည်း သူ မရဲသလို အမှန်တရားအားဖော်ထုတ်ဖို့အတွက်ဆိုပြန်သော်လည်း မိန်းမဖြစ်သူမှာ အများအမြင်တွင် အလွန်အေးဆေးပြီး စိတ်သဘောထားကောင်းသူတစ်ယောက်ဖြစ်နေသောကြောင့် အခက်ကြုံနေရ၏။ဤသို့ဖြင့် ဦးပေစိတစ်ယောက် မည်သို့ပြုလုပ်ရမည်ကိုသာစဉ်းစားနေပြီး သူ့အပေါ် ကျရောက်လာမည့်ဘေးအား ကြိုတင်ကာကွယ်သည့်အနေဖြင့် တစ်ခုခုပြုလုပ်မှရတော့မည်ဟုတွေးကာ အိပ်ယာပေါ်၌ပြန်လည်လှဲလျောင်းလို့နေပါလေတော့သည်။

◾​အခန်း (၅)

​“အဲ့လိုနဲ့ ငါလည်း ဒီခြံဝင်မိလို့ ရူးသွားယောင်ဆောင်လိုက်ရတာပဲ ငါ့ကောင်တွေရေ အခြေအနေကောင်းရင်တော့ ဒင်းတို့အကြောင်းတွေဖော်ပစ်မယ်ဆိုပြီး စောင့်နေတာ”

​ဦးဝင်းစိန်သည် သူဖြစ်ပျက်ခဲ့သည့်အကြောင်းများအား ဘိုးထင်တို့သုံးယောက်ကိုပြန်လည်ပြောပြနေခြင်းဖြစ်သည်။ ဘိုးထင်တို့သုံးယောက်သည်ကား အရူးဟန်ဆောင်ထားသော ဦးဝင်းစိန်ကိုသေချာကြည့်ကာ

​“ဦးကြီး ခင်ဗျားက အမှန်တရားကိုသိနေပါလျက်နဲ့ ဘာလို့ ရှောင်ပြေးရတာလဲ မိန်းမတစ်ယောက်ကို အဲ့လောက်ပဲ ကြောက်လားဗျာ အဲ့ဒါတော့ ဦးလေး သဘာဝမကျသေးဘူး”

​“ဟုတ်တယ် အမှန်တရားကိုသိနေရက်သားနဲ့ ဘာလို့ နှစ်တွေချီပြီးနှုတ်ဆိတ်နေတာလဲဗျာ အဲ့ဒါတော့ ခင်ဗျားမဟုတ်သေးဘူး တချို့ကိစ္စတွေက ရှောင်ပြေးတာနဲ့ပြီးသွားရောလား”

​ဘိုးထင်၊ပေတူး နှင့် သာအေးတို့သည် ဦးပေစိခေါ် ဦးဝင်းစိန်အား တစ်ယောက်တစ်ပေါက်နှင့် မကျေနပ်သည့်အကြောင်းများပြောကြားနေကြသည်။ထိုအခါ ဦးပေစိသည် သက်ပြင်းတစ်ချက်ကိုချလိုက်ပြီး

​“အမှန်တရားကိုသိတိုင်း လျှောက်ပြောရင် ငါ့အသက် သေသွားမှာပေါ့ကွာ မင်းတို့ပဲစဉ်းစားကြည့် ငါပြောတာကို ဘယ်သူကယုံမှာလဲ ပြီးတော့ ငါက အဲ့မိန်းမကိုသတ်ပစ်ရမှာလား သတ်ပစ်ဖို့လောက်အထိလည်း ငါသတ္တိမရှိဘူး သတ္တိမရှိလို့လည်း ရှောင်ပြေးတာပေါ့ကွာ အခု စန္ဒာကလည်း ပြန်ကောင်းနေပြီဆိုတော့ သေချာတယ် ငါ့မိန်းမ သူ့ကို ဒုက္ခပြန်ပေးမှာပဲငါ နောက်ထပ်လူတစ်ယောက် အသက်မဆုံးစေချင်လို့ မင်းတို့ကိုပြောရတာပဲ”

​“အဲ့ဒါဆို ကျုပ်တို့ကကော ဘယ်လိုလုပ်ရမှာလဲ ကျုပ်တို့က စုံထောက်လည်းမဟုတ်ဘူး ပုလိပ်တွေလည်း မဟုတ်ဘူး”

​“မင်းတို့တွေ မပြန်သေးနဲ့ဦးကွာ သဲဦးကို ရွာလူကြီးအိမ် ရောက်အောင်ပို့ပေး ငါ ဖြစ်ကြောင်းကုန်စင်လာပြောပြမယ် မြင့်ခိုင် ငါ့ကိုသတ်ချင်တယ်ဆိုရင်လည်း သတ်ပါစေတော့ကွာ ငါ ပုန်းမနေတော့ဘူး”

​“ခင်ဗျားပြောပုံအရ ကျုပ်တို့က ဒေါ်သဲဦးကို ရွာလူကြီးအိမ် ခေါ်ထားရမယ်ပေါ့”

​“မင်းတို့ ဦးလေးမှုန်တို့အိမ်မှာနေတာမလား”

​“ဟုတ်တယ်”

​“ဦးလေးမှုန်ကို အကျိုးအကြောင်း သွားပြောခိုင်းထားလိုက်လေ”

​“ဘယ်သူ့ကို သွားပြောခိုင်းရမှာလဲ”

​“ရွာလူကြီးကိုပေါ့ ငါက တင်ကြည်ကိုအဖြစ်မှန်သွားပြောထားလိုက်မယ် သူလည်း သူ့ညီကို ဘယ်သူသတ်လဲဆိုတာ သိချင်မှာပေါ့”

​“အေးဗျာ အဲ့ဒါလည်းကောင်းတာပဲ ခင်ဗျားလာမှာတော့ သေချာပါတယ်နော် တော်ကြာ ကျုပ်တို့ကလျှောက်ပြီး စွပ်စွဲတယ်ဖြစ်နေဦးမယ်”

​“လာမှာပါကွာ စိတ်ချ ငါ တစ်နှစ်ကျော်ကျော်လောက်ရူးချင်ယောင်ဆောင်နေတာ အခုတော့ အဖြစ်မှန်ကို သတ္တိရှိရှိနဲ့ ဖွင့်ပြောတော့မယ်”

​“အေးဗျာ ခင်ဗျား ဘာမှစိတ်မပူနဲ့ အရင်လို ခင်ဗျားတစ်ယောက်တည်းမဟုတ်တော့ဘူး ကျုပ်တို့ရှိတယ်”

​“မင်းတို့ရောက်လာလို့လည်း အားလုံးကိုပြောပြဖို့ အခုလိုဆုံးဖြတ်တာပေါ့ကွာ မင်းတို့က အောက်လမ်းစိုးတင့်ကိုတောင်တိုက်ရဲတဲ့သူတွေပဲလေ နေအုံး ငါတစ်ခုပြောဖို့ မေ့နေတာ အခု မိငွေက အောက်လမ်းစိုးတင့်နောက်လိုက်သွားပြီ”

​“ဟုတ်လား သူ့ယောက်ျားတော့စိတ်မကောင်းဖြစ်နေမှာပဲ”

​သာအေးမှ ထိုသို့ပြောလိုက်ရာ ဦးပေစိသည် ခပ်ပြုံးပြုံး အမူအရာနှင့် ဦးခေါင်းကိုရမ်း၍ စကားဆိုလေသည်။
​“မင်းထင်တာ လွဲသွားပြီကွာ”

​“ဘာလို့လဲ ဦးလေး”

​“ဘာလို့လဲဆိုတော့ မင်းစိန်က အခုတအားပျော်နေတာမို့လေ မကောင်းတဲ့မိန်းမ ကိုယ့်ကိုစွန့်လွှတ်သွားတာ အဲ့ဒါ ကောင်းခြင်းတစ်မျိုးပဲကွ”

​“ဦးလေးပြောတာ ကျုပ်နားမလည်ဘူး”

​“မင်းတို့ အဲ့လိုမိန်းမတွေနဲ့ဆုံခဲ့ရင် နားလည်ပါလိမ့်မယ်ကွာ ကဲ ကဲ ငါလည်း တင်ကြည်ဆီသွားလိုက်ဦးမယ် မင်းတို့လည်း ရွာပြန်ပြီး လုပ်စရာရှိတာလုပ်ပေတော့ကွာ”

​အရူးကြီးတဖြစ်လဲ ဦးပေစိသည် ဘိုးထင်တို့အား နှုတ်ဆက်ကာ မရမ်းခြံကြီးအတွင်းမှ ထွက်သွားလေသည်။ ထို့ကြောင့် ဘိုးထင်တို့သည်လည်း ထိုင်နေရာမှ မတ်တတ်ရပ်လိုက်ကြပြီး ဦးပေစိနည်းတူ မရမ်းခြံကြီးထဲမှ ထွက်လာလိုက်ကြပါလေတော့သည်။

◾​အခန်း (၆)

​“ကဲ ဘိုးထင် ငါတို့ ဘယ်လိုလုပ်မလဲ ဦးဝင်းစိန်ပြောတာကို မင်းတို့ယုံလား”

​သာအေးမှ ထန်းပင်အောက်တွင် အတူထိုင်နေသည့် ပေတူးနှင့် ဘိုးထင်အား မေးလိုက်ခြင်းဖြစ်သည်။ထိုအခါ ဘိုးထင်သည် တစ်ခုခုအားအလေးအနက်တွေးတောပြီးနောက် လေးနက်တည်ကြည်သော လေသံဖြင့် သာအေး၏ အမေးအား ဖြေကြားလိုက်သည်။

​“ဦးဝင်းစိန်ခိုင်းတဲ့အတိုင်းပဲ လုပ်ရမှာပေါ့ ငါတို့တွေ ဒေါ်သဲဦးကို ရွာလူကြီးအိမ်ခေါ်သွားရမယ်ထင်တယ်”

​“အဲ့ဒါ အဆင်ပြေပါ့မလား ဘိုးထင် တော်ကြာ ငါတို့ကို အမှုပတ်နေဦးမယ်နော်”

​“ဘာလဲ မင်းက ဦးဝင်းစိန်ကိုမယုံဘူးလား”

​ဘိုးထင်သည် ပေတူးကိုကြည့်ကာမေးမြန်းလိုက်ချိန် ပေတူးတစ်ယောက် မည်သို့ပြန်ဖြေရမည်မှန်းမသိဖြစ်လို့နေ သည်။ထို့နောက် ဘိုးထင်သည် ဆက်၍စကားဆိုလိုက်ပြန် သည်။

​“ပေတူး မင်းလည်းမြင်တဲ့အတိုင်းပဲ ဦးဝင်းစိန်က အရူးတစ်ယောက်မဟုတ်ဘူးလေကွာ ဒီပြဿနာတွေရဲ့ အဓိက တရားခံက ဒေါ်သဲဦးရဲ့ ယောက်ျားဟောင်းလေ”

​“အချိန်တွေလည်း ကြာခဲ့ပြီ အဖြစ်မှန်ပေါ်သွားတယ်ပဲ ထားဦး ဘာလုပ်လို့ရသေးလို့လဲ”

​“အဲ့ဒါတော့ ငါတို့လည်းမသိဘူးလေကွာ ငါတို့သိတာက အမှန်တရားပေါ်ရင်ရပြီ ငါတို့ ဒေါ်သဲဦးကို ရွာလူကြီးအိမ်ပို့ပေးတာနဲ့ ငါတို့ကိစ္စပြီးပြီ ပို့ပြီးတာနဲ့ ပြန်မယ်ကွာ ကျန်တာ သူတို့ကိစ္စ”

​“အဲ့လိုဆိုရင်တော့ မဆိုးပါဘူး အဲ့ဒါဆို တို့ ရွာပြန်ကြတာပေါ့ကွာ”

​ဘိုးထင်တို့သုံးယောက်သည် ဆွေးနွေးတိုင်ပင်ပြီးကြပြီမို့ ထန်းပင်များအောက်တွင် ထိုင်နေရာမှထ၍ ရွာသို့ပြန်ရန် လမ်းလျှောက်လာကြသည်။လမ်းတွင်တော့ ဒယီးဒယိုင်ဖြင့် မူးနေသော မင်းစိန်နှင့်ဆုံလေသည်။မင်းစိန်သည် ဘိုးထင်တို့ကိုမြင်သည့်အခါ စိတ်ဆိုးဒေါသဖြစ်ရမည့်အစား မျက်နှာပြုံးရွှင်လျက် အာလေးလျှာလေးလေသံဖြင့် စတင်ပြီး စကားဆိုလေသည်။

​“ကျေးဇူးရှင်လေးတွေ ဘယ်သွားကြမလို့တုန်း”

​“ရွာပြန်မှာ”

​“အေးကွာ မင်းတို့ကို ကျေးဇူးတအားတင်တယ် မင်းတို့ကျေးဇူးကြောင့်နဲ့ ငါ့မိန်းမ သွားပြီ”

​“ကျုပ်တို့ စိတ်မကောင်းပါဘူးဗျာ အဲ့လို မရည်ရွယ်ပါဘူး”

​“ရတယ် ရတယ် မင်းတို့ကို တကယ်ကျေးဇူးတင်တယ် ငါ့အပေါ်ဖောက်ပြန်နေတဲ့မိန်းမကို အခုလိုလစ်သွားအောင် မင်းတို့ လုပ်ပေးတာလေကွာ ငါကျေးဇူးတင်ရမှာပေါ့ ငါ့ညီမဆီ ငါပြန်သွားမယ် ငါတောင်းပန်မယ်ကွာ အမွေတွေလိုရင် အကုန်ပေးလိုက်မယ် ငါ့ရှိတဲ့ အိမ်နဲ့ လယ်တွေပါပေးမယ်ကွာ ငါ့ကိုတော့ အဆိပ်မခပ်ပါနဲ့လို့ပြောမယ် မင်းတို့ကတော့ ငါ့ကိုလူဆိုးကြီးလို့ပဲထင်နေမှာပေါ့”

​“မထင်ပါဘူးဗျာ ဒါနဲ့ ခင်ဗျားပြောပုံအရ ခင်ဗျားတို့ လင်မယားကို ခင်ဗျားညီမက အဆိပ်ခပ်တာလား”

​“အေးပေါ့ ချဉ်ပေါင်ဟင်းထဲပါ အဆိပ်ခပ်တော့ ဟင်းရည်အရောင်က တစ်မျိုးဖြစ်နေတာလေကွာ ငါတို့ လင်မယား သတိထားမိလို့ ခွေးကျွေးကြည့်တာ ခွေးသေသွားတယ်ကွ အဲ့ကတည်းက ငါ့ညီမက ငါတို့နှစ်ယောက်ကိုသေစေချင်တယ်လို့သိလိုက်တာ ဒါတောင် သူ့ကိုအစဖျောက်ဖို့ ငါ့မိန်းမ ငါ့ကိုပြောတာ ငါလက်မခံခဲ့ဘူးနော် မုန်းတာတော့မုန်းတာပေါ့ကွာ ဒါပေမဲ့ သူ့လို သေလောက်တဲ့အထိတော့ ငါမမုန်းဘူး”

​“ခင်ဗျားတို့မောင်နှမတွေ အထင်လွဲနေပြီဗျ ခင်ဗျားက ဘာလို့ ခင်ဗျားနှမအဆိပ်ခပ်တယ်လို့ ပြောနိုင်တာလဲ”

​“ဘာလို့လဲဆိုတော့ သူပို့တဲ့ ထမင်းမှာအဆိပ်ပါလို့လေကွာ”

​“မဟုတ်ဘူး ခင်ဗျားတို့ မှားနေပြီ အဲ့နေ့က ခင်ဗျားနှမကိုယ်တိုင်လည်း အဆိပ်ခပ်ခံရတယ်ဗျ ခင်ဗျားတို့လိုပဲ ခင်ဗျားနှမလည်း အဆိပ်ခပ်ခံရတာ အဲ့တာ ခင်ဗျားမသိဘူးမလား သူက သူစားမဲ့ထမင်းကို သူ့ရည်းစားကိုသွားပို့လိုက်တာ အဲ့ဒါကြောင့် သူမသေဘဲ သူ့ရည်းစားသေသွားတာ သူက အဆိပ်ခပ်ဖို့မပြောနဲ့ သူ့ရည်းစား သူကျွေးတဲ့ထမင်းစားလို့ သေသွားတာတောင် အခုထိ မသိရှာသေးပါဘူးဗျာ”

​“မင်းတို့ပြောချင်တာက ငါတို့ကို အဆိပ်ခပ်တာ ငါ့နှမမဟုတ်ဘူးလို့လား”

​“ဟုတ်တယ် ခင်ဗျားနှမ မဟုတ်ဘူး ခင်ဗျားနှမကို ကူညီပေးနေတဲ့ ဒေါ်သဲဦးပဲ သူက ခင်ဗျားတို့နှစ်ယောက်လုံးကို သတ်ပစ်ပြီး ခင်ဗျားတို့ပိုင်တဲ့အမွေတွေ အကုန်လိုချင်နေတာ”

​“မဖြစ်နိုင်တာ အမကြီးသဲဦးက ဒီလောက်အနေအေးပြီး သဘောကောင်းတာ မဖြစ်နိုင်ဘူး မင်းတို့ ပေါက်ကရပြောနေတာပဲ”

​“အဲ့ဒါတော့ ခင်ဗျားသဘောပဲလေဗျာ ခင်ဗျားဘာသာယုံယုံမယုံယုံ ကျုပ်တို့နဲ့မဆိုင်ဘူး ကျုပ်တို့ကတော့ ကျုပ်တို့ သိထားတာကိုပဲပြောပြတာ ကဲ ကျုပ်တို့ သွားမယ်”
​ဘိုးထင်တို့ သုံးယောက်သည် ထိုသို့ပြောပြီး မင်းစိန်အား ကျောခိုင်းကာ ရွာဆီသို့ပြန်လာလိုက်ကြသည်။မင်းစိန်သည်ကား ဘိုးထင်တို့အားငေကြည့်ရင်း ကျန်ရစ်ခဲ့ပါလေတော့သည်။

◾​အခန်း (၇)

​အိမ်အောက်ပက်လက်ကုလားထိုင်တွင် ဆေးတံသောက်ကာ ဇိမ်ကျနေသည့် ဘကြီးမှုန်တစ်ယောက် အိမ်ဝိုင်းအတွင်း ဝင်လာသူများကိုကြည့်ကာ အံ့ဩတကြီးဖြင့်စကားဆိုလေသည်။

​“ဘိုးထင်တို့ပါလားကွ ဘာကျန်ခဲ့လို့လဲဟေ့”

​“ဘာမှမကျန်ဘူး ဘကြီးရေ ကျုပ်တို့ မပြန်ချင်သေးလို့ ပြန်လာတာ”

​“အေး အေး ငါလည်း မင်းတို့မရှိတော့ ပျင်းသလိုဖြစ်နေတာ လာ လာ”

​ဘကြီးမှုန်သည် မပြောင်းလဲသောအခြေအနေဖြင့် ထိုသို့ လောကဝတ်ပြုလေသည်။ဘိုးထင်တို့သုံးယောက် တန်းလျားတွင်ဝင်ထိုင်လိုက်သည်နှင့် ဘကြီးမှုန်သည် ဆေးတံကိုတစ်ချက်ဖွာရှိုက်လိုက်ရင်းက သူတို့သုံးယောက်အား အကဲခတ်ကာ မေးမြန်းလိုက်သည်။

​“ကဲ မင်းတို့ပြန်လာတာ အကြောင်းတော့ရှိရမယ် ဘာကိစ္စရှိပြန်ပြီလဲ”

​ဘိုးထင်တို့အားအကဲခတ်၍ စကားဆိုလာသော ဘကြီးမှုန်အား ဘိုးထင်မှဦးခေါင်းကိုညိတ်ပြကာ ဝန်ခံလိုက်လေသည်။

​“ဟုတ်တယ် ဘကြီးမှုန်ရေ ကျုပ်တို့ ကိစ္စတစ်ခုပေါ်လာလို့ ပြန်လာခဲ့တာ ဘကြီးမှုန် ဒေါ်သဲဦးရဲ့ ယောကျာ်းကို ဘကြီးသိလား”

​“မြင့်ခိုင်လား”

​“မြင့်ခိုင်မဟုတ်ဘူးလေ ကျုပ်တို့‌ကိုပြောပြတဲ့သူလေ ”

​“ဘာကိုဆိုလိုတာလဲကွ ငါနားမလည်ဘူး”

​“ဒီလို ဘကြီးရေ မရမ်းခြံကြီးထဲမှာ အရူးတစ်ယောက်နဲ့ တွေ့ခဲ့တယ်ဗျ”

​“ဟေ”

​“မရမ်းခြံထဲမှာလား အဲ့ဒါဆို မင်းတို့တွေ့ခဲ့တာ အရူးပေစိ ပဲဖြစ်ရမယ်”

​“ဟုတ်တယ် ဦးပေစိတဲ့ နောက်နာမည်တစ်မျိုးလည်း ရှိသေးတယ် နေပါဦး ဦးဝင်းစိန်တဲ့ ဘကြီးရဲ့”

​ပေတူးမှထိုသို့ပြောလိုက်ရာ ဘကြီးမှုန်သည် ဆေးတံကို ပါးစပ်ကချွတ်လိုက်ပြီး

​“အေး ဟုတ်တယ် အဲ့ဒါက သဲဦးရဲ့အရင်လင်ဟောင်းလေကွာ သူ့ကို အရူးပေစိလို့ခေါ်ကြတာ”

​ဘကြီးမှုန်၏စကားကြောင့် ဘိုးထင်တို့သုံးယောက်သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ပြီး

​“အဲ့ဒါဆို ငါတို့ကိုညာတာမဟုတ်ဘူးပဲ”

​“ဟုတ်တယ် အဲ့ဒါဆို သူပြောတာက အမှန်တွေပေါ့”

​ဘိုးထင်တို့ သုံးယောက်၏ပြောစကားများကိုနားထောင်ပြီး ဘကြီးမှုန်တယောက် သိချင်စိတ်များဖြစ်ပေါ်လာကာ ဆင့်၍ မေးမြန်းလိုက်လေသည်။

​“မင်းတို့ ဘာတွေပြောနေတာလဲ ငါ့ကို သေချာပြောပြစမ်းပါဦးကွာ မင်းတို့ဟာက မရှင်းမရှင်းနဲ့”

​ထိုအခါမှ ဘိုးထင်သည် ဘကြီးမှုန်အားကြည့်ကာ

​“ဘကြီးမှုန် တခြားမဟုတ်ဘူးဗျ ဘကြီးပြောတဲ့ အရူးပေစိဆိုတဲ့သူက တကယ်မရူးဘူး ရူးချင်ယောင်ဆောင်ထားတာ”

​“ဘယ်လို ရူးချင်ယောင်ဆောင်တယ်ဟုတ်လား”

​“ဟုတ်တယ်ဗျ သူက မင်းသက်ကို အဆိပ်ခပ်သတ်တာ ဒေါ်သဲဦးလို့ ပြောတယ်”

​“ဘာ မင်းသက်ကိုသတ်တယ်ဟုတ်လား မင်းတို့ပြောတာတွေ ငါ တကယ်ပဲနားမလည်တော့ဘူးကွာ”

​“မင်းသက်ကိုတင်မဟုတ်ဘူး ကိုမင်းစိန်တို့လင်မယားကိုပါ အဆိပ်ခပ်သေးတာတဲ့ ဘကြီးရေ”

​မျက်စိရှုပ်နေသောဘကြီးမှုန်အား ဘိုးထင်၊ပေတူး၊ သာအေးတို့သည် မင်းသက်အဆိပ်ခပ်ခံရသော ကိစ္စ၊ပြီးနောက် မင်းစိန်တို့လင်မယားကိုအဆိပ်ခပ်ရန် ကြိုးစားသူမှာလည်း ဒေါ်သဲဦးဖြစ်သည့်အကြောင်း အစရှိသည့် အရူးပေစိပြောပြသည့်ကိစ္စများအား အသေအချာပြောပြလိုက်ရာ ဘကြီးမှုန်တစ်ယောက် ဦးခေါင်းကိုတညိတ်ညိတ်လုပ်နေပြီး

​“အင်း ပေစိ ချက်ချင်းကြီးဘာကြောင့် ရူးသွားသလဲဆိုတာ ငါတွေးမရဘူးဖြစ်နေတာ ဒီကောင် ဒါတွေကြောင့် ရူးချင်ယောင်ဆောင်နေတာကိုး မင်းတို့ပြောပုံအရ ပေစိနဲ့ညားနေကတည်းက သဲဦးက မြင့်ခိုင်နဲ့ဖောက်ပြန်နေတာပေါ့”

​“ကျုပ်တို့ကိုတော့ အဲ့လိုပြောတာပဲ”

​“မင်းတို့က လျှို့ဝှက်ချက်တွေသိသွားပြီဆိုတော့ ဘယ်လို ဆက်လုပ်မှာလဲ”

​“ကျုပ်တို့ ဒီအတိုင်းထားခဲ့ရင် မစန္ဒာအတွက် အန္တရာယ်ရှိတယ်လေ အဲ့ဒါကြောင့် ကျုပ်တို့ပြန်လာတာ ဘကြီးက ရွာလူကြီးအိမ်ကိုသွားပြီး အကျိုးအကြောင်းသွားပြောပေးပါဦးဗျာ ကျုပ်တို့ကတော့ ဒေါ်သဲဦးကိုခေါ်ပြီး ရွာလူကြီးအိမ်ကိုလိုက်လာခဲ့မယ်”

​“အေးကွာ အဲ့ဒါလည်းကောင်းတယ် ငါကတော့ ဘယ်လိုလုပ်ရမယ်မှန်း သေချာတော့မသိဘူးကွ ဒါပေမဲ့ ရွာလူကြီးကိုတော့ သေချာပြောထားလိုက်ပါ့မယ်”

​“ကောင်းပြီ ဘကြီး အဲ့ဒါဆို ကျုပ်တို့ မစန္ဒာကိုသွားခေါ်လိုက်ဦးမယ်ဗျာ”

​“အေး အေး သတိတော့ထားဟေ့ မြင့်ခိုင်ဆိုတဲ့ကောင်က နည်းနည်းနာမည်ဆိုးရှိတယ် မြင့်ခိုင်ကို သဲဦး ဘာကြောင့် ယူလိုက်လဲဆိုတာ အခုမှ နည်းနည်းသဘောပေါက်တယ် တော်တော်ကိုလည်တဲ့ မိန်းမပဲကွ”

​“ဟုတ်တယ် ဘကြီး သူတို့လောဘတွေကြောင့် ကြားထဲက ကိုမင်းသက်က သားကောင်ဖြစ်သွားရတာ”

​ဘိုးထင်တို့သုံးယောက်လည်း ဘကြီးမှုန်အားနှုတ်ဆက်ခဲ့ပြီးနောက် တလမ်းလုံးမည်သည့်စကားမှထပ်မပြောဖြစ်ကြဘဲ အတွေးကိုယ်စီနှင့် စန္ဒာ၏ နေအိမ်သို့သွားနေကြပါလေတော့သည်။

◾​အခန်း (၈)
​ညောင်ပင်စုရွာနှင့်အတန်လှမ်းသော ကိုတင်ကြည်၏တဲတွင် ဦးပေစိတစ်ယောက် ရောက်လို့နေပြီဖြစ်သည်။ ဦးပေစိသည် အရူးတစ်ယောက်နှယ်ဝတ်စားထားခြင်းမရှိတော့ဘဲ သာမန်အဝတ်အစားနှင့်ဖြစ်သည်။တဲကွပ်ပျစ်တွင်ထိုင်နေသော ဦးပေစိကိုမြင်သည့်အခါ ကိုတင်ကြည်တယောက် တအံ့တဩနှင့် စကားဆိုလေသည်။

​“ဦးလေး ခင်ဗျား နေပြန်ကောင်းသွားတာလား”


​“ဟုတ်တယ် တင်ကြည် ငါဘယ်တုန်းကမှ နေမကောင်းမဖြစ်ခဲ့ပါဘူးကွာ”

​“ဦးလေးက မရမ်းခြံကသရဲခြောက်လို့ ရူးသွားတယ်ဆို”

​“အဲ့ဒါ ငါလျှောက်ပြောတာကွ သဲဦးနဲ့ မြင့်ခိုင်ရန်ကြောက်လို့”

​“ဗျာ ဘယ်လို”

​“အခု ရွာကို ဟိုကောင်လေး သုံးယောက်ရောက်လာတာ မင်းသိတယ်မလား”

​“သိတယ်လေ ဦးလေး”

​“အေး အဲ့ကောင်လေးသုံးယောက်က စိုးတင့်ကိုတောင် မောင်းထုတ်နိုင်တာလေ”

​“ဟုတ်တယ် သူတို့ကြောင့်နဲ့ ကျုပ်တို့ရွာသားတွေ စိုးတင့်ကိုကြောက်စရာမလိုတော့ဘူး”

​ၐာင့် ကြောက်စိတ်ပျောက်သွားတာ”

​“ဦးလေးပြောတာကို ကျုပ်နားမလည်ဘူး”

​“ဒီလိုလေကွာ တကယ်တော့ ငါ့မိန်းမနဲ့ သူ့လင်ငယ်က ငါ့ကိုသတ်ဖို့ကြံတာ ငါလည်း လူပဲကွ သေရမှာကြောက်တာပေါ့သေရမှာကြောက်သလို လူသတ်ဖို့အထိတော့လည်း မရဲဘူးလေ အဲ့ဒါကြောင့် ငါ အရူးလိုဟန်ဆောင်ပြီး နေနေတာ”

​“နေပါဦး ဘယ်လိုကြောင့် အရူးလိုဟန်ဆောင်နေရတာလဲ တခြားတနယ်ကို ပြောင်းပြေးရုံနဲ့ရနေတာပဲကို”

​“မင်းပြောတာတော့ လွယ်တယ်ကွ ငါ့မှာ မိတ်ဆွေဆိုလို့ ဒီရွာမှာပဲ ရှိတာလေကွာ ပြီးတော့ ငါရူးမနေဘဲ လူကောင်းလိုနေရင် ငါသေတာကြာပြီပေါ့”

​“အဲ့ဒါ ထားပါဦး အခု ဦးလေး ကျုပ်ဆီလာတဲ့ကိစ္စက”

​“မင်းလည်း သိပါတယ် မင်းညီ ဘယ်လိုဆုံးသွားခဲ့လဲဆိုတာလေ”

​“တော်စမ်းပါဗျာ အဲ့ဒါတွေ ကျုပ်ကိုပြန်မပြောပါနဲ့တော့ အဲ့အကြောင်းတွေပြန်တွေးမိတိုင်း ဟိုကောင်မကို အခုထိသတ်ချင်တုန်း”

​“ဘယ်ကောင်မလဲ တင်ကြည်”

​“ဘယ်ကောင်မရမှာလဲဗျာ ကျုပ်ညီကိုအဆိပ်ခပ်သတ်ခဲ့တဲ့ စန္ဒာဆိုတဲ့ ကောင်မပေါ့”

“အဲ့ဒါဆိုရင်တော့ မင်းလွဲနေပြီ ငါ့ကောင် မင်းညီကို အဆိပ်ခပ်ခတ်တာ စန္ဒာမဟုတ်ဘူး ငါ့မိန်းမ သဲဦးကွ”

​“ဗျာ ဘယ်လို”

​“ဟုတ်တယ် အဲ့နေ့က စန္ဒာကော မင်းစိန်တို့လင်မယားကောစားတဲ့ ထမင်း၊ဟင်းတွေထဲမှာ သဲဦးက အဆိပ်ခပ်ထားတာ အဲ့မှာ စန္ဒာက မင်းညီကိုစားစေချင်လို့ လာပို့ပေးတော့ မင်းညီ ဒုက္ခရောက်တော့တာပေါ့ စန္ဒာခမျာ့ အခုထိ မင်းညီဆုံးတာ သူကျွေးတဲ့ထမင်းကို စားလို့ဆိုတာကြိ မသိသေးဘူး ပြီးတော့ မင်းစိန်တို့လင်မယားကလည်း စန္ဒာအဆိပ်ခပ်တယ်ဆိုပြီး စန္ဒာ့ကိုမုန်းနေတာ မုန်းလို့ သူ့ကို ရူးအောင် အောက်လမ်းနဲ့တိုက်တာလေ အဆိုးထဲက အကောင်းလို့ပဲပြောရမလား စန္ဒာရူးသွားတာက မင်းရဲ့ရန်ကကော သဲဦးရဲ့ ရန်ကကော လွတ်သွားတယ် နို့မို့ဆို သူလည်း သေတာကြာပေါ့”

​ဦးပေစိမှ အကြောင်းစုံရှင်းပြလိုက်သည့်အခါ တင်ကြည် သည် နာကျည်းစွာဖြင့် တောက်တချက်ပြင်းထန်စွာခေါက်ပြီး တဲထရံတွင်ထိုးထားသော ဓားမြှောင်အားဖြုတ်ယူလိုက်ကာ ခါးကြားထိုးလိုက်သည်။ဦးပေစိသည်ကား ထိုအချင်းအရာကို မြင်သည့်အခါ တင်ကြည်အား သေချာကြည့်ပြီး စကားဆိုလိုက်သည်။

​“တင်ကြည် မင်း ဒေါသကို ရှေ့တန်းတင်ရင်မှားမယ်နော်ဘာတစ်ခုမှမလုပ်ခင် သေချာစဉ်းစားဦး”

​“ကျုပ်လက်ပေါ်မှာတင် ကျုပ်ညီသေသွားတာဗျ၊ ကျုပ်ကတော့ရှင်းရှင်းပဲ ကျုပ်ညီကို ကျုပ်ကတိပေးထားရတယ် သူ့ရည်းစားကိုဒုက္ခမပေးဖို့ပဲ အခု သူ့ကိုသတ်တာ သူ့ရည်းစား မဟုတ်ဘူး အဲ့ဒါကြောင့် သွေးကို သွေးနဲ့ပဲ ဆေးရမယ်”

​“မင်း ဒုက္ခရောက်မှာနော်”

​“ဒုက္ခရောက်တာကို ကျုပ်မမှုဘူး စိတ်ဒုက္ခရောက်တာထက်တော့ဆိုးမယ်မထင်ဘူးဗျာ ကဲ ဦးလေးလည်းသွားစရာရှိတာ သွားတော့ဗျာ ကျုပ် ဟိုလင်မယားနဲ့ သွားစာရင်းရှင်းလိုက်ဦးမယ်”

​“ငါက ရွာလူကြီးအိမ်သွားမှာ ရွာလူကြီးအိမ်ကို ဟိုကောင်မ ခေါ်ထားတယ်”

​“သဲဦးလား”

​“ဟုတ်တယ်”

​“အဲ့ဒါဆို ကျုပ်လည်း လာရမှာပေါ့ဗျာ ဟိုကောင် မြင့်ခိုင် အခုလောက်ဆို ထန်းတောမှာပဲရှိရမယ်”

​“ဟုတ်တယ် သူ့ကို ထန်းတောမှာတွေ့ခဲ့တယ်”

​“ကောင်းပြီ ကျုပ် သွားပြီဗျာ”

​တင်ကြည်သည် ဓားမြှောင်တလက်ကိုခါးကြားထိုးကာ ဦးပေစိအား နှုတ်ဆက်စကားပင်မဆိုတော့ဘဲ တဲအပြင်သို့ ထွက်သွားလေသည်။ဦးပေစိသည်လည်း သက်ပြင်းကိုချကာ ရွာဘက်ဆီသို့ ထွက်လာခဲ့လိုက်ပါလေတော့သည်။

◾​အခန်း (၉)

​ဘိုးထင်တို့သုံးယောက်သည် အကြောင်းကိစ္စအရေးကြီးသည်ဟုဆိုကာ စန္ဒာနှင့် ဒေါ်သဲဦးအား ရွာလူကြီးအိမ်သို့ခေါ်ဆောင်လာလေသည်။ဒေါ်သဲဦးသည် ရက်စက်ယုတ်မာသော အလုပ်အားလုပ်ကိုင်မည့်ဟန်တစ်စက်ကလေးမျှ မတွေ့ရဘဲ အတော်ကိုဟန်ဆောင်ကောင်းသူ တစ်ယောက်ဖြစ်သည်။ သူမသည် ခပ်ပြုံးပြုံးအမူအရာနှင့်ပင် ဘိုးထင်တို့အား မေးမြန်းလာလေသည်။

​“ငါ့တူတို့ ရွာလူကြီးအိမ်မှာ ဘာအရေးကြီးကိစ္စရှိလို့လဲ”

​“ဟိုရောက်ရင်တော့ သိရမှာပေါ့ဗျာ”
​ဘိုးထင်တို့သည် သူမ၏အမေးကို ထိုသို့သာပြန်ဖြေပြီး ရွာလူကြီးအိမ်သို့ ခပ်သွက်သွက်လေးလမ်းလျှောက်လို့နေသည်။ ဤသို့ဖြင့် မကြာသောအချိန်တွင် ရွာလူကြီးအိမ်သို့ရောက်ရှိလာကြပြီး ကြိုတင်ရောက်နှင့်နေသည့် ဘကြီးမှုန်နှင့် ရွာလူကြီးတို့မှ ဒေါ်သဲဦးအားသေချာအကဲခတ်ကြည့်ပြီး သူတို့အရှေ့၌ထိုင်ရန် ပြောလိုက်သည်။

​“ကဲ သဲဦး နင် ဒီမှာထိုင်”

​“ဟုတ်ကဲ့ ရွာလူကြီး ဒီက တူမောင်တွေက အရေးကြီးတယ်ဆိုပြီးခေါ်လာတာ ဘာကိစ္စရှိလို့လဲမသိဘူး”

​“သဲဦး နင် ဟန်ဆောင်သိပ်ကောင်းနေပါလား နင် လောဘကြီးလှချည်လား”

​ရွာလူကြီး၏စကားကြောင့် ဒေါ်သဲဦးသည် နားမလည်ဟန်ဖြင့် ရွာလူကြီးကိုသာမက တခြားသူများအားလိုက်လံကြည့်ရှုနေလေသည်။စန္ဒာသည်လည်း နားမလည်နိုင်ဖြစ်ကာ ဒေါ်သဲဦးကိုယ်စား ရွာလူကြီးအား စကားဆိုလိုက်သည်။

​“ရွာလူကြီး တစ်ခုခုတော့မှားနေပြီထင်တယ်နော် အမကြီးက ဘာတွေလောဘကြီးလို့လဲ”

​“တူမကြီး ညည်းဘာမှမသိဘူး သူ့ကြောင့် မင်းသက်သေခဲ့ရတာ ပြီးတော့ သူ့ကြောင့်နဲ့ နင်တို့မောင်နှမတွေ အဆင်မပြေဖြစ်ခဲ့ရတာ”

​“ဦးကြီး ဘာတွေပြောနေတာလဲ ကျမ နားမလည်ဘူး”

​“အေး နင် နားလည်အောင် ပြောပြမယ့်သူတစ်ယောက်ရှိတယ် ပေစိ လာခဲ့ကွာ”

​ရွာလူကြီး၏စကားဆုံးသည်နှင့် လူကောင်းတစ်ယောက် အသွင်ပြန်ဖြစ်နေပြီဖြစ်သော ဦးပေစိသည် ရွာလူကြီးအိမ်ပေါ်မှဆင်းလာပြီး အနားရောက်လာကာ ဒေါ်သဲဦးအား

“နင်တို့ ငါ့ကိုသတ်ဖို့ကြံနေတာ ငါမသိဘူးမထင်နဲ့ နင် ငါ့ကို အိပ်ဆေးခပ် လင်ငယ်နဲ့နေ့တိုင်းတွေ့နေတာကိုလည်း ငါမသိဘူးပဲထင်နေတာမလား”

​“တော် တော် ဘာတွေပြောနေတာလဲ တော်က ရူးနေတာမလား”

​“ငါမရူးဘူး နင်တို့ ငါ့ကိုသတ်ဖို့ကြံနေလို့ ရူးချင်ယောင်ဆောင်နေတာ စန္ဒာ နင် တချိန်လုံးကာကွယ်ပေးနေတဲ့သူက နင့်ရည်းစား မင်းသက်ကိုသတ်တဲ့သူဆိုတာကို နင်သိလား”

​ဦးပေစိသည် ဒေါ်သဲဦးအားစကားဆိုရင်း စန္ဒာကိုပါ တစ်ဆက်တည်းပြောလိုက်ခြင်းဖြစ်သည်။ထိုအခါ စန္ဒာသည် ယုံတစ်ဝက်မယုံတစ်ဝက်မျက်နှာဖြင့် တန်းလျားတွင်အတူယှဉ်တွဲထိုင်နေသော ဒေါ်သဲဦးအား မေးမြန်းလိုက်သည်။

​“အမကြီး ဦးလေးပြောတာ တကယ်ပဲလား”

​“တကယ်မဟုတ်ပါဘူး သူလျှောက်ပြောနေတာ အမကြီးက အဲ့လိုလုပ်စရာလား စန္ဒာက အမကြီးအပေါ် ဒီလောက်ကောင်းတာ အမကြီးရူးနေမှသာ သူပြောသလိုလုပ်မှာပေါ့”

​“ကျမ သိပါတယ် အမကြီးက သူပြောသလိုမလုပ်ဘူးဆိုတာ သူ အမကြီးနောက်ယောက်ျားယူတာကို အပြစ်တင်နေတာပဲဖြစ်မယ်”

​စန္ဒာမှထိုသို့ပြောလိုက်သည့်အခါ ဘိုးထင်၊ပေတူး၊သာအေးတို့အနက် ဘိုးထင်မှ ဦးခေါင်းအား ခါရမ်းပြီး စန္ဒာအား စကားဆိုလိုက်သည်။

​“မစန္ဒာ ခင်ဗျားရည်းစားသေတာ ရိုးရိုးသေတယ်များထင်နေလား ခင်ဗျားကျွေးတဲ့ထမင်းကိုစားပြီး အဆိပ်မိသေတယ်ဆိုတာ ခင်ဗျားမသိသေးဘူးမလား”

​“ဟင် ဘယ်လို မောင်လေး မောင်လေးပြောတာ တကယ်လား”

​ဘိုးထင် စန္ဒာ၏အမေးအားပြန်မဖြေမီမှာပင် အိမ်ဝိုင်းထဲသို့ရောက်လာပြီဖြစ်သော မင်းစိန်သည် အာလေးလျှာလေးဖြင့် ဘိုးထင်ကိုယ်စားဝင်ဖြေလေသည်။

​“တကယ်ပေါ့ စန္ဒာ ဘိုးထင်ပြောတာတွေ တကယ့်အမှန်တရား ငါတို့ နင့်ကို ဘာကြောင့်မုန်းနေတာလဲသိလား အမွေတွေ အပိုင်စီးချင်တာထက် နင် ငါတို့ကို အဆိပ်ခပ်သတ်ဖို့ လုပ်လို့ မုန်းနေတာ”

​“အစ်ကိုကြီးဘာပြောနေတာလဲ ကျမက အစ်ကိုကြီးတို့ကို ဘာလို့ အဆိပ်ခပ်ရမှာလဲ”

​“နင်မခပ်ဘူးဆိုတာ အခုမှ ငါသိရတာ ငါတို့လင်မယားကိုကော နင့်ကိုကော အဆိပ်ခပ်သတ်တာ နင့်အမကြီးဆိုတဲ့ ဒေါ်သဲဦးပဲ နင်ပို့ပေးတဲ့ထမင်းကို ငါခွေးကျွေးကြည့်တာ ငါ့အိမ်က ခွေးသေသွားတယ် အကျယ်အကျယ်မဖြစ်ချင်လို့ အဲ့ကိစ္စကို တခြားသူတွေကိုမပြောပြတာ အဲ့လိုပဲ နင်စားမယ့်ထမင်းကို မင်းသက်ကျွေးလိုက်တာ မင်းသက်သေသွားတယ်မလား”

​“အဲ့ဒါဆို အမကြီးက”

​“နင် အခုထိကိုမယုံကြည်သေးဘူးလား”

​ထိုစဉ် အိမ်ဝိုင်းထဲသို့ လူရွယ်သုံးယောက် အမောတကော နှင့်ရောက်လာကြသည်။သူတို့သည် ရွာလူကြီးကိုကြည့်ပြီး

​“ရွာလူကြီး ရွာလူကြီး ပြဿနာတော့တက်ပြီ”

​“ဘာတွေဖြစ်လို့တုန်းကွ”

​“ဘာဖြစ်ရမှာလဲဗျာ ထန်းတောထဲမှာ ကိုတင်ကြည်ကို မြင့်ခိုင်က ဓားနဲ့ထိုးလို့”

​“ဘာကွ”

​ရွာလူကြီးနှင့် ကျန်သောသူများသည် သတင်းလာပေးသော လူရွယ်များအပေါ်အာရုံရောက်နေခိုက် ဒေါ်သဲဦးမှာ အိမ်ဝိုင်းအပြင်သို့ ထွက်ပြေးရန်ပြင်နေလေသည်။သူမ ထိုသို့ပြင်‌နေသည်ကို ပေတူးမြင်တွေ့လိုက်ရသဖြင့် လှမ်းအော်၍ သတိပေးလိုက်သည်။

​“ဒေါ်သဲဦး ခင်ဗျား ဘယ်ပြေးမှာလဲ”

​ပေတူး၏စကားကြောင့် တခြားသူများသည်လည်း ဒေါ်သဲဦးထံ အာရုံပြန်ရောက်သွားပြီး ဒေါ်သဲဦးအားဖမ်းဆီးရန်ပြင် နေကြစဉ်မှာပင် အိမ်ဝိုင်းထဲဝင်လာသော တင်ကြည်နှင့် အိမ်ဝိုင်းအပြင်သို့ထွက်လာသော ဒေါ်သဲဦးတို့ ထိပ်တိုက်တိုးမိပြီး တင်ကြည်တယောက် ဒေါ်သဲဦးအားရင်ချင်းအပ်ဖက်လိုက် ကာ ဝမ်းဗိုက်သို့ ခါးကြားတွင်ထိုးလာသော ဓားဖြင့် လေးငါးချက်ခန့်ဆက်တိုက်ဆိုသလိုထိုးလိုက်သည်။အိမ်ဝိုင်းထဲမှ​လူအားလုံး အံ့အားသင့်ပြီး ကြောင်ငေးကြည့်နေစဉ်မှာပင် တင်ကြည်သည် အိန္ဒြေရရနှင့်ပင် ရွာလူကြီးအရှေ့ ရောက်လာပြီး အေးဆေးတည်ငြိမ်သောလေသံဖြင့် စကားဆိုလေသည်။
​“ရွာလူကြီး ကျုပ် အဲ့လင်မယားနှစ်ယောက်လုံးကို သတ်လိုက်ပြီ ကျုပ်ကို မြို့ဂတ်ပို့တော့”

​“ဘယ်လိုလုပ်လိုက်တာလဲ တင်ကြည်ရာ မင်းဘဝတော့ သွားပါပြီ”

​“ရပါတယ်ဗျာ ဒီလို ကြောက်စရာကောင်းတဲ့သူတွေကို ဒီလိုရှင်းလိုက်မှ တခြားသူတွေ ဘေးကင်းမှာပေါ့”

​လူနှစ်ယောက်အားသတ်ခဲ့သည့်တိုင် နည်းနည်းလေးမှစိတ်လှုပ်ရှားဟန်မပြသော တင်ကြည်ကြောင့် အားလုံးအံ့အားသင့်နေကြသည်။ထို့နောက် ဘိုးထင်တို့သည်လည်း ရွာလူကြီးအိမ်ခြံဝန်းထဲမှနေ၍ မည်သူ့ကိုမှနှုတ်ခွန်းမဆက်တော့ ဘဲ ထွက်ခွာလာလိုက်ကြပါလေတော့သည်။

◾​အခန်း (၁၀)

​ညောင်ပင်စုရွာမှထွက်လာသော ဘိုးထင်တို့သည် ရွာနှင့် အတော်လှမ်းလှမ်းနေရာရောက်သည်အထိ မည်သည့်စကားမှ မပြောဖြစ်ကြပေ။မျက်စိရှေ့တင်ပင် ဖြစ်ပျက်သွားခဲ့သော ကိစ္စများသည်ကား အတော်စိတ်မချမ်းမြေ့စရာကောင်းလှသည်။လောဘကြောင့် အပြစ်မရှိသူများ သေဆုံးခဲ့ရသလို လောဘကြောင့်ပင်လျှင် အသက်ကို ပေးဆပ်ခဲ့ရသည်။ထို့အတူ လောဘကြောင့် အိမ်ထောင်ကွဲရသလို လောဘကြောင့်ပဲ ညီအကိုမောင်နှမချင်း မတည့်မရှူဖြစ်ရသည်ကို သူတို့ မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရ၏။အလိုလောဘများ သာမန်ထက်ပိုကဲသည့်အခါ မကောင်းမှုဒုစရိုက်များပြုလုပ်ရသည်ကိုပင် ကြောက်ရွံခြင်းမရှိတော့သည်ကို သူတို့ကောင်းစွာ သတိ ပြုမိခဲ့သည်။ဘိုးထင်တို့သည် အတွေးကိုယ်စီနှင့် ပေပင်ရွာသို့ပြန်နေချိန် သူတို့၏နောက်တွင်တော့ ဝဝ ဗိုက်ပူပူ ခေါင်းကိုပြောင်နေအောင်တုံးထားသည့် ပိတ်ဖြူဝတ် ဖိုးသူတော်ကြီးတစ်ယောက်သည် လွယ်အိတ်ကြီးတစ်လုံးကိုလွယ်ကာ သူတို့အနောက်ဆီမှလိုက်ပါလာသည်ကိုဖြင့် သူတို့မသိလိုက်ချေတော့သတည်း။

​[အောက်လမ်းဘိုးထင်နှင့် လောဘရဲ့သားကောင် ဇာတ်လမ်း ဇာတ်သိမ်းပါပြီ။